DVB Logo
Home
မြန်မာသတင်း
မြန်မာ့သတင်းလွတ်လပ်ခွင့် တိုးတက်လာ
DVB
·
May 2, 2012
မြန်မာ့သတင်းလွတ်လပ်ခွင့် တိုးတက်လာ
Donate to DVB

သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံအဖြစ် နှစ်စဉ်သတ်မှတ်ခံရတဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် တိုးတက်လာတယ်လို့ ကမ္ဘာ့နိုင်ငံတွေရဲ့ လွတ်လပ်ခွင့် အခြေအနေကို လေ့လာစောင့်ကြည့်နေတဲ့ Freedom House အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဝါရှင်တန် အခြေစိုက် ဒီအဖွဲ့ဟာ မတ်လ ၃ ရက်နေ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ မတိုင်မီ အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ၂၀၁၂ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

သတင်းလွတ်လပ်ခွင့် တိုးတက်လာတဲ့ နိုင်ငံတွေထဲမှာ အရှေ့အလယ်ပိုင်း ဒေသက တူနီးရှား၊ အီဂျစ်နဲ့ လစ်ဗျားနိုင်ငံတွေ၊ အာရှနိုင်ငံတွေထဲမှာတော့ မြန်မာ၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေမှာ တိုးတက်မှု ရှိလာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက အကျဉ်းကျခံနေရတဲ့ ဘလော့ဂါတွေကို ပြန်လွှတ်ပေးမှု၊ စာပေစိစစ်ရေး လျော့ပေါ့ပေးမှု၊ သတင်းထောက်တွေကို တိုက်ခိုက်တာနဲ့ အနှောင့်အယှက်ပေးတဲ့ သတင်းတွေ နည်းပါးလာမှုနဲ့ ပုဂ္ဂလိက မီဒီယာတွေ များပြားလာတာ၊ ပြည်ပရောက် မြန်မာသတင်းသမားတွေ နိုင်ငံကို ပြန်နိုင်တာတွေကို တိုးတက်မှုအဖြစ် ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးကိုကို(စက်မှု)ကတော့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ရဖို့ လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့ ပြောပါတယ်။

“ကျနော်တို့လွတ်လပ်ခွင့်တွေ တိုးတက်လာတယ်ဆိုတာ ဒါကတော့ အမှန်ပါပဲ။ အခါတိုင်းနဲ့ ယှဉ်လာရင်တော့ ကျနော်တို့ တော်တော်လေးတော့ ရေးသားလာခွင့်တော့ ရှိပါသေးတယ်။ သို့သော် တိုးတက်ဆောင်ရွက်ရမယ့် ကိစ္စတွေက အများကြီး ရှိပါတယ်။ ဥပမာအားဖြင့် ကျနော်တို့က စာနယ်ဇင်း လွတ်လပ်ခွင့်က ဥပဒေနဲ့အညီ ခိုင်ခိုင်မာမာ အကာအကွယ်ပေးတာမျိုး မရှိသေးတဲ့ အတွက်ကြောင့် ကျနော်တို့က ဒီစာနယ်ဇင်းလွတ်လပ်ခွင့်ကို တကယ်ကို ဥပဒေနဲ့အညီ ကာကွယ်ပေးနိုင်တဲ့ မီဒီယာနဲ့ဆိုင်တဲ့ ဥပဒေမျိုးပေါ့လေ ကျနော်တို့ လိုပါတယ်။ လုံးဝ စာပေလွတ်လပ်ခွင့်ကို သွားဖို့ဆိုရင်တော့ ဆင်ဆာတည်းဖြတ်မှု မရှိတဲ့အခြေအနေ တခုကိုလည်း ရောက်အောင်သွားဖို့ လိုပါတယ်။ အရင်ကထက်စာရင်တော့ တော်တော်တော့ ရလာတာတော့ မှန်တယ်။ သို့သော် တချို့သောနေရာတွေမှာတော့ ရေးသားရတာ အခက်အခဲလေးတွေ ရှိပါတယ်။ ဥပမာအားဖြင့်ဆို တိုင်းရင်းသားရေးရာကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စလိုဟာမျိုးတွေ၊ နောက် တပ်မတော်နဲ့ပတ်သက်တဲ့ ကိစ္စပေါ့လေ။ ဒါမျိုးတွေကတော့ ကန့်သတ်မှုတွေကတော့ လောလောဆယ်တော့ ရှိနေပါသေးတယ်။”

Freedom House အဖွဲ့က နိုင်ငံပေါင်း ၁၉၇ နိုင်ငံကို သုတေသနပြုထားတဲ့ အစီရင်ခံစာမှာ ၆၆ နိုင်ငံကို သတင်းလွတ်လပ်တဲ့နိုင်ငံတွေ အဖြစ် ဖော်ပြထားပြီး ၇၂ နိုင်ငံကို တပိုင်းတစ လွတ်လပ်တဲ့နိုင်ငံတွေနဲ့ ၅၉ နိုင်ငံကိုတော့ မလွတ်လပ်တဲ့ နိုင်ငံတွေအဖြစ်သတ်မှတ်ထားတာပါ။

သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၈ နိုင်ငံကတော့ မြောက်ကိုရီးယား၊ တာမင်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အီရီထရီယား၊ ဘီလာရုစ်၊ အီရန်၊ အီကွေတိုရီရယ်ဂီနီနဲ့ ကျူးဘားနိုင်ငံတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုတော့ သတင်းလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံတွေစာရင်းမှာ ဆက်လက် ထည့်သွင်းထားပြီး တရုတ်နဲ့ အဆင့်တူ ၁၈၇ သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတော့ မြန်မာနိုင်ငံကို အဆင့် ၁၉၁ သတ်မှတ်ထားပြီး မြောက်ကိုရီးယားနဲ့ လစ်ဗျားနိုင်ငံတို့နဲ့အတူ အဆိုးရွားဆုံး နောက်ဆုံး ၃ နိုင်ငံတွေ စာရင်းမှာ ထည့်သွင်းထားတာပါ။

အလားတူ သတင်းသမားကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း မြန်မာနိုင်ငံကို ဆင်ဆာအဖြတ်တောက်ဆုံး ၁၀ နိုင်ငံ စာရင်းမှာ ဖော်ပြထားပါတယ်။

မတ်လ ၃ ရက်နေ့မှာ ကျရောက်မယ့် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က သတ်မှတ်ထားတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို မြန်မာနိုင်ငံတွင်းမှာ အစိုးရကရော ပုဂ္ဂလိက စာနယ်ဇင်းသမားတွေကပါ အသီးသီး ကျင်းပဖို့ စီစဉ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013