အန်အယ်လ်ဒီအမတ်များ လွှတ်တော်တက်ကျမ်းသစ္စာကျိန်ဆို
DVB
·
May 2, 2012
ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်က ပြည်သူ့လွှတ်တော်ကို တက်ရောက်ပြီး ကျမ်းသစ္စာကျိန်ဆိုကြပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်ကို ပထမဆုံးအကြိမ် တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူလူထုရဲ့အကျိုးကို ပိုမိုပြီးဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တယ်”လို့ လွှတ်တော်တွင်းသတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက်ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
ပြည်တွင်းပြည်ပ သတင်းထောက်တွေဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ရောက်တဲ့ သတင်းကို အားသွန်ခွန်စိုက်ရယူကြတာကို တွေ့မြင်ရသလို ဒီကနေ့မှာတော့ အရင်ရက်တွေကထက် လုံခြုံရေးပိုမိုချထားတာကို သတိပြုမိတယ်လို့ လွှတ်တော်အတွင်းက ဒီဗွီဘီ သတင်းထောက်တွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ခုံနံဘေးနားကပ်လျက် ပြည်ထောင်စုကြံ့ခိုင် ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အမတ်တွေနဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောဆိုတာကို မြင်တွေ့ရတယ်လို့ ပြောပါတယ်။
၁၉၈၈ ခုနှစ် သမိုင်းဝင်လူထုအုံကြွမှုအပြီး တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ဖူးပြီး လွှတ်တော်ခေါ်ခွင့်မရဘဲ ဖြစ်ခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကို မဝင်ခဲ့ဘဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရာမှာ ၄၅ နေရာ အနက် ၄၄ နေရာပြိုင်ပြီး ၄၃ နေရာ အနိုင်ရခဲ့ပါတယ်။
အနိုင်ရပြီးနောက် လွှတ်တော်တက်ဖို့ ကျမ်းကျိန်ရမယ့် စာသားမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့စကားလုံးကို လက်မခံနိုင်တာကြောင့် လေးစားလိုက် နာပါမည်ဆိုတဲ့ စာသားပြောင်းပေးဖို့ ကြိုးပမ်းနေရတဲ့အတွက် လွှတ်တော်တက်ဖို့ နှောင့်နှေးနေခဲ့တာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ မူရင်းစာသားကိုပဲ လက်ခံပြီး ကျမ်းကျိန် လွှတ်တော်တက်ဖို့ အန်အယ်လ်ဒီက ဆုံးဖြတ်လိုက်တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စဉ်က တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက တချို့ကို ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို ဦးစားပေးဆောင်ရွက်မယ်လို့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
Read more