နျူကလီးယား သဘောတူညီချက် ပြန်ညှိနှိုင်းရန်မလိုကြောင်း အီရန် ပြော

အီရန်နိုင်ငံခြားရေးဝန်ကြီး - ဂျဗက်ဇရိဖှ်
1.2K
အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတို့ရဲ့ နျူကလီးယားသဘောတူညီချက်ဟာ ပြန်ညှိနှိုင်းရမယ့်အရာမဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျဗက်ဇရိဖှ်က ပြောပါတယ်။
အမေရိကန်အစိုးရနဲ့ ဥရောပမဟာမိတ် နိုင်ငံတွေဘက်က ၂၀၁၅ ခုနှစ်မှာရရှိခဲ့တဲ့ နျူကလီးယား သဘောတူညီချက်မှာ ဆိုးရွားတဲ့ ချို့ယွင်းချက်တွေ ပြင်ဆင်ဖို့ နောက်ဆုံး အခွင့်အရေးအနေနဲ့ အီရန်နိုင်ငံအပေါ် နျူကလီးယားဆိုင်ရာ ပိတ်ဆို့မှုတွေ ဖယ်ရှားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်န၀ါရီ ၁၂ ရက်နေ့မှာ ပြောခဲ့ပါတယ်။
သမ္မတထရမ့်ပြောဆိုမှုဟာ ခိုင်မာတဲ့ နိုင်ငံစုံ သဘောတူညီချက်ကို ပျက်ပြယ်အောင်လုပ်နေသလို သဘောတူညီချက်ပါ အချက်တွေကိုလည်း ချိုးဖောက်နေလို့ အမေရိကန်နိုင်ငံအနေနဲ့ အခုလိုပြောနေမယ့်အစား အီရန်နိုင်ငံလိုပဲ သဘောတူညီချက်ပါ အချက်တွေကို လိုက်နာသင့်တယ်လို့ ၀န်ကြီးကပြောပါတယ်။
ထရမ့်ဟာ သမ္မတလောင်းဖြစ်ချိန်နဲ့ သမ္မတရာထူးရယူချိန်ကတည်းက နျူကလီးယား သဘောတူညီချက်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူပါ။
အီရန်အပေါ် ပိတ်ဆို့မှုလျှော့တာဟာ အရှေ့အလယ်ပိုင်းမှာ ခြိမ်းခြောက်မှုမြင့်တက်မယ်လို့ ထရမ့်က ရှုမြင်တယ်ဆိုပြီး ရိုက်တာသတင်းဌာနက သုံးသပ်ဖော်ပြ ပါတယ်။
သမ္မတထရမ့်က ပိတ်ဆို့မှုဖြေလျော့ကြောင်း အတည်ပြုချိန်မှာပဲ အမေရိကန်ဘဏ္ဍာရေး ၀န်ကြီးဌာနဟာ အီရန်စီးပွားရေးလုပ်ငန်းနဲ့ လူပုဂ္ဂိုလ် ၁၄ ဦးအပေါ် ပိတ်ဆို့မှု အသစ်တွေ ချမှတ်ခဲ့ပါတယ်။