Home
မြန်မာသတင်း
ရန်ကုန် မိုးပျံလမ်းစီမံကိန်း တည်ဆောက်ရန် သဘောတူစာချုပ် လက်မှတ်ထိုး
DVB
·
January 12, 2018
၂၀၁၉ ခုနှစ်မှာ စတင်မယ့် ရန်ကုန်မိုးပျံလမ်းစီမံကိန်းဟာ ဟံသာဝတီလေဆိပ်အသစ် စီမံကိန်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်း၊ သီလဝါစက်မှုဇုန်တို့နဲ့ ချိတ်ဆက်သွားမယ့် စီမံကိန်းဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။ မိုးပျံလမ်းစီမံကိန်း စတင်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့ဝင်တခု ဖြစ်တဲ့ International Finance Corporation (IFC) တို့ ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်မှာ နှစ်ဖက် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး အဲဒီပွဲမှာ ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးက “ရန်ကုန်မြို့မှာ ၂ဝ ဒသမ ၅ ကီလိုမီတာအရှည် လေးလမ်းသွား တောင်-မြောက် Elevated Expressway Toll Road စီမံကိန်း PPP အစီအစဉ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့အညီ ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။ မိုးပျံလမ်း အရည်အသွေး စံချိန်စံညွှန်းမီစေဖို့အတွက် IFC ကို အကြံပေးလုပ်ငန်း ဆိုင်ရာကိစ္စတွေကို ငှားရမ်းဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်။ လမ်းဖောက်လုပ်ရေးတင်ဒါ တင်သွင်းလာကြတဲ့ ကုမ္ပဏီနဲ့ အဖွဲ့အစည်း ရွေးချယ်တဲ့ နေရာမှာလည်း IFC အဓိက အကြံဉာဏ်ပေးမှာဖြစ်ပြီး အရင်လည်း ဆက်သွယ်ရေး ဖုန်းကုမ္ပဏီတွေ ရွေးချယ်တဲ့နေရာမှာ အကြံပေးဖူးပါတယ်။ မိုးပျံလမ်းစီမံကိန်းပြီးရင်  ရန်ကုန်မြို့တွင်းကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို  မိနစ် ၂ဝ လောက်နဲ့ သွားရောက်နိုင်မှာ ဖြစ်သလို ရန်ကုန်မြို့တွင်းကနေ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၁ နာရီလောက်နဲ့ သွားရောက်နိုင်မှာ  ဖြစ်ပါတယ်။ လေးလမ်းသွား မိုးပျံလမ်းစီမံကိန်းဟာ  ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှု ပြဿနာကို တဖက်တလမ်းက ဖြေရှင်းနိုင်ဖို့နဲ့ ရန်ကုန် ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ လူမှုစီးပွားဘဝ ထိခိုက်မှုတွေကို လျှော့ချနိုင်ဖို့လည်း ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။ ၂ဝ၁၄ လူဦးရေ သန်းခေါင်းစာရင်းအရ ရန်ကုန်မှာ လူဦးရေ ခြောက်သန်းခန့် ရှိနေပြီး နှစ်စဉ် လူဦးရေ တိုးတက်မှုနှုန်း ၂ ဒသမ ၆ ရာခိုင်နှုန်းကို အခြေခံခန့်မှန်းကြည့်ရင် ၂ဝ၃၅ မှာ လူဥးရေ ၁ဝ သန်း ခန့်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ Photo : MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024