အလုပ်သမားများဘဝ မပြောင်းလဲသေးဟုဆို
နေသွင်
·
May 1, 2012

လွန်ခဲ့တဲ့ တနှစ်အတွင်း နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုကြပေမယ့် အလုပ်သမားတွေ ဘဝကတော့ အရင်အတိုင်း မပြောင်းလဲသေးဘူးလို့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အလုပ်သမားတွေ ဘဝ တိုးတက်ပြောင်းလဲလာဖို့ဆိုရင်၊ အလုပ်သမားတွေရဲ့ လုပ်ခလစာကနေ၊ အလုပ်သမားဥပဒေ၊ နောက် တရားရုံးတွေ သမာသမတ်ကျဖို့ အထိ အပြောင်းအလဲတွေ လိုအပ်နေသေးတယ်လို့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။
မြန်မာပြည်က အလုပ်သမားတွေ လက်ရှိရနေတဲ့ လုပ်ခဟာ အခြေခံ စားဝတ်နေရေး လိုအပ်ချက်ကိုတောင် မဖြည့်ဆည်းနိုင်သေးဘူးလို့ အလုပ်သမား အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက ပြောပါတယ်။
“ကျမတို့ မြန်မာအလုပ်သမားတွေက တနေ့မှာ ၁ နာရီကို ကျပ် ၁၀၀ နှုန်းဆိုတော့ တနေ့မှာ ၈ နာရီဆိုတော့ ကျပ် ၈၀၀ ပဲရတယ်။ တနေ့လုံးလုပ်ခက ကျပ် ၁၀၀၀ တောင် မပြည့်ဘူး။ ဆန်တပြည်က ၁၀၀၀ ကျော်ရှိတယ်။ အနိမ့်ဆုံးဆန်က ၈၀၀ ရှိတယ်။ အဲဒီတော့ တနေ့လုံး ရုန်းကန်ရှာထားတဲ့ ဒီ ၈၀၀ က၊ ဆန်တပြည်ဖိုးတောင် မရှိဘူး။ အမျိုးသမီးတွေက အလုပ်သမားအများစုဖြစ်တယ်။ အဲဒီတော့ အလုပ်သမား အခွင့်အရေးတွေ ပေးတော့ပေးထားတယ်။ အရင်တုန်းက အလုပ်သမား ဖွဲ့စည်းခွင့်တွေမရဘူး။ အလုပ်သမားတွေက အခမ်းအနားတွေကို လာတက်ရောက်ပိုင်ခွင့် မရှိဘူး။ ဒီလို အလုပ်ရုံ၊ စက်ရုံတွေကို အလုပ်သမားသမဂ္ဂ ဖြစ်စေချင်တယ်ဆိုပြီး သွားပြောခွင့်မရှိဘူး။ အခုတော့ နည်းနည်း လှုပ်ရှားသွားလာခွင့် ရလာတယ်။ အပြည့်အဝတော့ မပြောင်းလဲသေးဘူး။ အခွင့်အရေး အပြည့်အဝ မရရှိဘူး။ ပြောင်းလဲသလိုလိုနဲ့ မပြောင်းလဲဘူး ဖြစ်နေပါတယ်။”
ပြီးခဲ့တဲ့ တနှစ်အတွင်း မြန်မာပြည်က နိုင်ငံရေးအပြောင်းအလဲတွေ လျင်လျင်မြန်မြန် ဖြစ်ပေါ်ခဲ့သလိုပဲ အလုပ်သမားတွေနဲ့ ပတ်သက်လို့လည်း မကြာခင်ရက်ပိုင်းကပဲ အစိုးရက အလုပ်သမား ဥပဒေသစ်ကို အတည်ပြုခဲ့ပါတယ်။ တရားဝင် မှတ်ပုံတင် လျှောက်ထားကြထားတဲ့ အလုပ်သမားအဖွဲ့တွေထဲက ၈ ဖွဲ့ကိုလည်း အစိုးရက တရားဝင် အသိအမှတ်ပြုပေးခဲ့ပါတယ်။
ဒီလို အလုပ်သမားဥဒေတွေ ပြဋ္ဌာန်းပေးခဲ့တာ၊ အလုပ်သမားအဖွဲ့အစည်းတွေ တရားဝင်ဖွဲ့စည်းခွင့်ပြုခဲ့တာတွေဟာ အလုပ်သမားထုရဲ့ လူမှုတရားမျှတမှုနဲ့ အလုပ်သမားအခွင့်အရေး အပြည့်အဝခံစားနိုင်ဖို့ ဖြစ်တယ်လို့ ဒီနေ့ သမ္မတ ဦးသိန်းစိန်ရဲ့ မေဒေးနေ့ သဝဏ်လွှာမှာ ဆိုထားပါတယ်။
အလုပ်သမားအမှုတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ကိုဖိုးဖြူက ဒီအပြောင်းအလဲတွေဟာ အပေါ်ယံ အပြောင်းအလဲတွေပဲ ဖြစ်နေလို့ အနှစ်သာရ အပိုင်းမှာ ပြောင်းဖို့ လိုနေသေးတယ်လို့ ဆိုပါတယ်။
“အခုက နိုင်ငံရေးအခြေအနေလည်း ပြောင်းလဲနေတယ်။ နိုင်ငံရေးအဖွဲ့အစည်း အဆောက်အဦ ပုံစံတွေလည်း ပြောင်းလဲနေတယ်ဆိုတာတော့ အားလုံး ပြောနေကြတဲ့ အခြေအနေပါပဲ။ ဒါပေမယ့် အဆောက်အအုံတွေ ပုံသဏ္ဌာန်တွေ ပြောင်းလဲနေလို့ မပြီးသေးပါဘူး။ အနှစ်သာရအားဖြင့် ဒီမိုကရေစီ ယန္တရားလည်ပတ်ဖို့ လိုအပ်တယ်လို့ ခံယူမိတယ်။ အခု အခြေခံလူတန်းစားတွေဖြစ်တဲ့ အလုပ်သမား၊ လယ်သမားတွေရဲ့ ဘဝကိုပဲ ကျနော်ပြောပါရစေ။
“ဒီနေ့လို အလုပ်သမားနေ့ အခါသမယမှာ အလုပ်သမားတွေရဲ့ လုပ်ခလစာ တိုးတက်မြင့်မားလာခြင်း မရှိသေးပါဘူး။ အလုပ်သမားတွေဟာ အဖွဲ့အစည်း မှတ်ပုံတင်ခွင့် ရလာတယ်၊ ဆိုတဲ့အချက်ကတော့ ပြောင်းလဲလာတယ်။ အလုပ်သမားတွေ ဖွဲ့စည်းခွင့်ရတာပဲ ရှိသေးတယ်။ စည်းရုံးခွင့်ကို ဒီနေ့အချိန်ထိ ဥပဒေမှာ ပြဋ္ဌာန်းထားခြင်း မရှိသေးပါဘူး။ စုပေါင်းအရေးဆိုပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးကလည်း အားနည်းနေတုန်းပဲ ရှိပါသေးတယ်။ အခုလို အလုပ်သမားသမဂ္ဂတွေ၊ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတဲ့အချိန်မှာ ခေါင်းဆောင်တွေသည် အလုပ်ရှင်တွေနဲ့ အာဏာပိုင်တွေရဲ့ ခွဲခြားဆက်ဆံခြင်းကို ခံရဖို့ရှိနေတယ်။ အဲဒီလို ဖြစ်နေခြင်းကို ဥပဒေကြောင်းအရ ကာကွယ်ဖို့လိုတယ်။ ဒီထက်ပိုဆိုးတာက အင်္ဂလိပ်လက်ထက်က ပြဋ္ဌာန်းထားတဲ့ အလုပ်သမား သမဂ္ဂ ဥပဒေကမှ အဆင့်မီသေးတယ်။ အလုပ်သမား သမဂ္ဂဝင်တွေသည် အလုပ်သမား သမဂ္ဂအရေး ဆောင်ရွက်နေတယ်ဆိုရင် သူတို့လုပ်ခ လစာတွေ လျော့နည်းခွင့်၊ ဖြတ်တောက်ခွင့် မရှိစေရဘူးဆိုတဲ့ ပြဋ္ဌာန်းချက်မျိုး အင်္ဂလိပ် လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ အလုပ်သမား အစည်းအရုံး ဥပဒေမှာတောင် ပါဝင်နေတယ်။ အခု အသစ်ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၁ အလုပ်သမား ဥပဒေမှာ ဒီအချက်တွေ ပါဝင်လာခြင်း မရှိဘူး။”
အလုပ်သမားအခွင့်အရေးလှုပ်ရှားနေတဲ့ မစုစုနွေးက အလုပ်သမားတွေရဲ့ ဥပဒေကို အလုပ်သမားတွေ ကိုယ်တိုင်က အဆိုပြုမှ ပြည့်စုံနိုင်မယ်လို့ အခုလို ဆိုပါတယ်။
“အရင်ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ အခုဥပဒေသစ်ကို နှိုင်းယှဉ်ကြည့်ရင် အခုထုတ်ပြန်တဲ့ ဥပဒေအသစ်က အလုပ်သမားတွေကို ပိုပြီးတော့ ချုပ်ကိုင်ထားတာ တွေ့ရတယ်။ ဒီဥပဒေအသစ်က အလုပ်သမားတွေရဲ့ အခွင့်အရေးကို အပြည့်အဝ အကာအကွယ် မပေးနိုင်ဘူး။ ဒီဥပဒေအတိုင်း သွားနေမယ်ဆိုရင် အလုပ်သမားအဖွဲ့တွေ ဘယ်လောက်ပဲ ဖွဲ့စည်းထားပါစေ၊ အပြည့်အဝ ခံစားခွင့်ရမှာ မဟုတ်ဘူး။ ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂတွေ၊ အဖွဲ့အစည်းတွေ၊ အဖွဲ့ဝင်တွေကနေ သူတို့ကိုယ်တိုင် ရေးဆွဲတောင်းဆိုပြီးတော့ နိုင်ငံတော်ကလည်း ဒါကို လေးလေးနက်နက် ထားပြီး အလုပ်သမားတွေဘက်က တင်ပြတဲ့ ဥပဒေတွေ၊ မူတွေကို တိတိကျကျ ဆောင်ရွက်ပေးမှသာ အလုပ်သမားတွေဘက်က ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။”
အရင်နှစ်နဲ့မတူ ပြောင်းလဲသွားတာဆိုလို့ ဒီနှစ် မေဒေးနေ့ အလုပ်သမားနေ့ အခမ်းအနားတွေကို အလုပ်သမားတွေကိုယ်တိုင် လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရတယ်လို့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက ဆိုကြပါတယ်။
ဒီလို ကိစ္စမျိုးတွေမှာ ပြောင်းလဲနေတယ်လို့ ဆိုနိုင်ပေမယ့် အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ဘာမှ အပြောင်းအလဲ မရှိသေးတဲ့အကြောင်း ကိုဖိုးဖြူက ကိုယ်တွေ့ အဖြစ်အပျက်ကို အခြေခံပြီး အခုလို ထောက်ပြပါတယ်။
“ကုမ္ပဏီအတွက် လုပ်ငန်းရှင်တွေအတွက် တဖက်သတ် တရားစီရင်ပြီးတော့ အလုပ်သမားအရေးအတွက် တက်ကြွဆောင်ရွက်နေတဲ့ သူတွေအတွက် တဖက်သတ် အနှိပ်ကွပ်ခံနေရတဲ့ အခြေအနေသည် ကျနော်တို့ အလုပ်သမား အခွင့်အရေး တက်ကြွဆောင်ရွက်သူ ကျနော်အပါအဝင် မိတ်ဆွေ ၁၀ ဦးဟာ ယနေ့အချိန်ထိ တောင်ဒဂုံ တရားရုံးမှာ တရားစွဲဆိုမှုကို ရင်ဆိုင်နေရတုန်းပဲ၊ သေချာတာကတော့ တရားစီရင်ရေးက လုံးဝမပြောင်းလဲတဲ့ ခြစားမှုတွေ၊ တဖက်သတ် အဂတိလိုက်စားမှုတွေ နောက်တခါ တရားစီရင်ရေးကိုယ်တိုင်က အုပ်ချုပ်ရေးအာဏာပိုင်ရဲ့ ဆောင်ကြာမြိုင် နောက်ဖေးပေါက် ဖြစ်နေတဲ့ မလွတ်လပ်မှုတွေက ယနေ့အချိန်ထိ ရှိနေသေးတယ်လို့ ပြောချင်ပါတယ်။”
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ရဲ့ ခန့်မှန်းချက်အရ မြန်မာပြည်က အလုပ်လက်မဲ့နှုန်းဟာ ၂၀၁၀ တုန်းက လူတရာမှာ ၆ ယောက်နီးပါး ရှိတယ်လို့ ဆိုထားပါတယ်။ ၂၀၀၉ ခုနှစ် ခန့်မှန်းချက်ဖြစ်တဲ့ ၄ ဒဿမ ၉ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် အခြေအနေ နည်းနည်း ပိုဆိုးသွားတဲ့ သဘောပါ။
သမ္မတ ဦးသိန်းစိန်ကတော့ အစိုးရသစ်အနေနဲ့ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့ နိုင်ငံတဝှမ်းမှာ စက်မှုဇုန်တွေ ထူထောင်တာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် ဆောင်ရွက်နေတဲ့အကြောင်း မေဒေးနေ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
