မူးယစ်ဆေးဝါးမှု ထိုင်းစွပ်စွဲချက် ဗိုလ်ချုပ်နှုတ်ခမ်းမွေး ပယ်ချ
နော်နိုရင်း
·
May 1, 2012
မူးယစ်ဆေးဝါးမှုနဲ့ ထိုင်းနိုင်ငံက ဆုငွေထုတ်ထားခြင်းခံရတဲ့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်ချုပ်နှုတ်ခမ်းမွေး (ဗိုလ်ချုပ်စောလားဘွယ်) က ထိုင်းနိုင်ငံရဲ့ စွပ်စွဲချက်တွေကို သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပယ်ချလိုက်ပါတယ်။
[caption id="attachment_24780" align="alignleft" width="300" caption="ဗိုလ်ချုပ်နှုတ်ခမ်းမွေး (ဒီကေဘီအေ)"][/caption]
တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် ဒီကေဘီအေ ကလိုထူးဘော စစ်ဌာနချုပ် ကော်သူးမွဲခီးမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
မူးယစ်ဆေးဝါးကို ကိုယ်တိုင်ရောင်းဝယ်ဖောက်ကားတာ၊ ထုတ်လုပ်တာ မရှိသလို တစုံတယောက်ကိုလည်း ထုတ်လုပ်ရောင်းချဖို့ ညွှန်ကြားထားတာ မရှိဘူးလို့ ဒီကေဘီအေခေါင်းဆောင် ဗိုလ်ချုပ်နှုတ်ခမ်းမွေးက ပြောဆိုလိုက်ပါတယ်။
ဒီကေဘီအေရဲ့ စစ်ဦးချုပ်အပေါ် ထိုင်းအစိုးရရဲ့ စွပ်စွဲချက်ဟာ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာသာမက ဒီကေဘီအေတပ်ဖွဲ့တဖွဲ့လုံးကိုရော မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်တာလို့ ကလိုထူးဘော ကရင်အစည်းအရုံးရဲ့ အတွင်းရေးမှူး စောဂုဏ်အောင်က ပြောပါတယ်။
“ဗိုလ်ချုပ်စောလားဘွယ်အနေနဲ့ မူးယစ်ဆေးဝါးကိစ္စကို တခါမှ မလုပ်ခဲ့ဘူး၊ ကိုယ်တိုင်လည်း ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု မပြုလုပ်ခဲ့သလို တစုံတယောက်ကိုလည်း ရောင်းဝယ်ဖောက်ကားဖို့၊ ထုတ်လုပ်ဖို့ ညွှန်ကြားခဲ့ခြင်း မရှိခဲ့ကြောင်း၊ အဲဒီအပေါ်မှာ သက်သေအထောက်အထား တခုခုနဲ့ ပြနိုင်ခဲ့ရင် နိုင်ငံတကာခုံရုံးမှာ ကိုယ်တိုင်အစစ်ခံပြီး အပြစ်ပေးတာကို ခံယူမယ်ဆိုပြီး ပြောကြားသွားပါတယ်။ အဲဒီအတွက် သူ့ရဲ့ဂုဏ်သိက္ခာအတွက်သာမက ကလိုထူးဖော်ရဲ့ ဂုဏ်သိက္ခာ၊ ကလိုထူးဖော ကရင့်အစည်းအရုံးရဲ့ ဂုဏ်သိက္ခာ၊ ကရင်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုလည်း လျစ်လျူရှုရာရောက်ကြောင်း ပြောတာပါ။”
မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်နွှယ်နေတယ်ဆိုတဲ့ သက်သေ အထောက်အထား တခုခုပြနိုင်ရင် နိုင်ငံတကာခုံရုံးမှာ ကိုယ်တိုင်အစစ်ခံပြီး အပြစ်ပေးခြင်းကို ခံယူမယ်လို့ ဗိုလ်ချုပ်နှုတ်ခမ်းမွေးက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်နှုတ်ခမ်းမွေးဟာ ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မူးယစ်ရာဇာ ၂၅ ဦးထဲမှာ တဦးဖြစ်ပြီး သူ့ကိုဖမ်းမိရင် ဆုငွေ ဘတ်တသန်းပေးမယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) က ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
သူ့ကို ဖမ်းဆီးဖို့ ဆုငွေထုတ်အပြီးမှာ သံသယရှိတဲ့ ဘယ်နေရာမဆို လာရောက်ကြည့်ရှုဖို့ ထိုင်းအစိုးရကို ဒီကေဘီအေက ဖိတ်ခေါ်ခဲ့ပြီး ထိုင်းအစိုးရက တရားဝင် လာရောက် စစ်ဆေးမှုမရှိတဲ့အတွက် ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာလို့လည်း ဒီကေဘီအေက ပြောပါတယ်။