A d v e r t i s e m e n t With Us

မကွေးတိုင်းအစိုးရ ဝန်ကြီး ၂ ဦးရာထူးမှ နုတ်ထွက်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ၂ ဦးကို ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၁၀ ရက်စွဲနဲ့ တရားဝင်အမိန့်စာ ထုတ်ပြန်ပါတယ်။ မကြာသေးခင်ကမှ ရာထူးတာဝန်ကနေ နုတ်ထွက်စာတင်ထားတဲ့ မကွေးတိုင်း စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့်နဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်တို့ကို သမ္မတက နုတ်ထွက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်တွေအရ ၄င်းတို့ရဲ့ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်တာလို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ သမ္မတရုံး အမိန့်စာမှာ ဖော်ပြထားပါတယ်။ ဇန်န၀ါရီ ၉ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းတို့ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up