DVB Logo
Home
မြန်မာသတင်း
ထောင်ဒဏ်တသက်ကျခံနေရသည့် မွန်နိုင်ငံရေးအကျဉ်းသား ၂ ဦး လွတ်မြောက်
DVB
·
April 30, 2012
Donate to DVB

ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရတဲ့ မွန်နိုင်ငံရေးအကျဉ်းသား ၂ ဦးကို အင်းစိန်ထောင်က ပြန်လွှတ်ပေးလိုက်ပြီးနောက် မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့ ငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့က ဒီနေ့ မွန်ပြည်သစ်ပါတီကို အပ်နှံလိုက်ပါတယ်။

ပြန်လွတ်မြောက်လာသူ ၂ ဦးက နေဝင်း(ခေါ်) နိုင်ယက္ခနဲ့၊ နိုင်မျိုးသွေး ခေါ် နိုင်မျိုးထွေးတို့ဖြစ်ပါတယ်။ ဦးအောင်မင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့  မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့အချိန်မှာ သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ အတွက် အခုလို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

မော်လမြိုင် ကမ်းနားလမ်း ဟိုတယ်မှာ ဒီနေ့ခင်းပိုင်း ၁ နာရီက သူတို့နှစ်ဦးကို မွန်ပြည်သစ်ပါတ်ီ လက်ထဲ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီဘက်ကတော့ ဥက္ကဋ္ဌ နိုင်ထောမွန်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်တလညီတို့က လွတ်မြောက်လာတဲ့ အဖွဲ့ဝင်တွေကို လက်ခံခဲ့ပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်တလညီက “ကျနော်တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီ ကတည်းက တောင်းထားတယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကျနော်တို့ပါတီက တပ်ဖွဲ့ဝင်တွေ ကို ပြန်လွှတ်ပေးဖို့ တောင်းထားတယ်။  အဲဒီတောင်းထားတဲ့အပေါ်မှာ နိုင်ငံတော်ဘက်က ပြန်လွှတ်ပေးတယ်ဆိုတဲ့ သဘောပေါ့လေ။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပဲ လွှတ်ပေးတယ်လို့ ထင်တယ်။ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုကောင်းမွန်စေတာပေါ့” လို့ ပြောပါတယ်။

သူတို့ ၂ ဦးပြန်လွတ်ချိန်မှာ ကျန်းမာရေးကောင်းမွန်ကြောင်း ပြောပါတယ်။ နိုင်ယက္ခနဲ့ နိုင်မျိုးသွေးဟာ  နအဖအစိုးရလက်ထက် ၂၀၀၃ ခုနှစ်က ဖမ်းဆီးခံထားရပြီး နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ နဲ့ ပုဒ်မ ၃၆၈(၁)နဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံ ထားရသူတွေဖြစ်ပါတယ်။

သူတို့ကိုလွှတ်ပေးဖို့ မွန်ပြည်သစ်ပါတီ၊ မွန်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက အစဉ်တစိုက် တောင်းဆိုနေကြတာပါ။ နိုင်ယက္ခဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာနေပြီး နိုင်မျိုးသွေးကတော့ မွန်ပြည်နယ် သံဖြူဇရပ်မှာနေပါတယ်။ သူတို့နှစ်ဦးကို မိသားစုတွေက သွားရောက်ကြိုဆိုခဲ့ကြသလို မော်လမြိုင် မွန်ဓမ္မာရုံမှာ မွန်လူမျိုးတွေ၊ မွန်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေကလည်း ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့ကလည်း ကေအန်ယူခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး  ဦးအောင်မင်းကိုယ်တိုင် ပဒိုမန်းငြိမ်းမောင်ကို ကေအန်ယူဆီ အပ်နှံခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013