နေပြည်တော်တွင် ဆိုင်ကယ်ကယ်ရီက စီးနင်းသူအမျိုးသမီးကို ဓားထောက်လုယက်
DVB
·
January 6, 2018
နေပြည်တော်မှာ ဆိုင်ကယ် ကယ်ရီ မောင်းသူက စီးနင်းလိုက်ပါလာတဲ့ အမျိုးသမီးကို ဓားထောက်လုယက်ခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မနေ့က မနက် ၉ နာရီလောက်မှာ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်မှာ နေတဲ့ မနီလာရွှေဟာ ရွှေကြာပင်လမ်းမကြီးကနေ ဆိုင်ကယ်ကယ်ရီကိုငှားပြီး သပြေကုန်း ကမ္ဘောဇ ဘဏ် ၃ မှာ ငွေထုတ်ယူခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ ၉ နာရီခွဲအချိန်မှာ အဲဒီဆိုင်ကယ်နဲ့ပဲ ရုံးအမှတ် ၂၇ (လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း) ကို ဆက်ပြီး သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆိုင်ကယ်ဟာ ပုံမှန်လမ်းမကြီးက မမောင်းဘဲ ပရဆေးဥယျာဉ်ဝင်း တောလမ်းကမောင်းလို့ မနီလာရွှေက ဆိုင်ကယ်ကိုရပ်ခိုင်းပြီး နောက်ပြန်လှည့်နေတုန်းမှာ ဆိုင်ကယ် ကယ်ရီသမားက နောက်က သိုင်းဖက်ပြီး ဓားနဲ့ထောက် လုယက်ခဲ့တာလို့ ဆိုပါတယ်။
ပြီးတော့ တန်ဖိုး ၂ သိန်း ၈ သောင်းရှိတဲ့ ရွှေလက်ကောက် ၁ ကွင်း၊ ငွေ ၂၃၀၀၀ ကျပ်နဲ့ ဖုန်း ၂ လုံးကို လုယူထွက်ပြေးသွားလို့ အမှတ်-၅နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၈၂ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။