Home
မြန်မာသတင်း
ဒေသတွင်းဖွံ့ဖြိုးရေးနှင့် အရပ်ဘက်အဖွဲ့များ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲ မုံရွာတွင် ပြုလုပ်
DVB
·
January 6, 2018
ဒေသတွင်းဖွံ့ဖြိုးရေး၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဝင်းယူနတီဟိုတယ်မှာ သံလွင် နိုင်ငံသားစွမ်းရည်မြှင့်တင်ရေးအဖွဲ့နှင့် Triangle Women’s Support Group တို့ ပူးပေါင်းပြီး ကျင်းပနေပါတယ်။ ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဥက္ကဌတွေ၊ မုံရွာစီးပွားရေးတက္ကသိုလ် တာဝန်ရှိသူတွေ၊ ဒေသတွင်း ကဏ္ဍအသီးသီးကိုလုပ်ကိုင်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ဆွေးနွေးနေကြတာပါ။ ဇန်နဝါရီ ၆ နဲ့ ၇ ရက် ၂ ရက်တာ ကျင်းပနေတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဒေသတွင်းဖွံ့ဖြိုးရေးနဲ့သက်ဆိုင်တဲ့ စာတမ်းတွေဖတ်ကြားတာ၊ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချရာမှာ ပါဝင်တဲ့ ကဏ္ဍအကြောင်းအရာ၊ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၊ တရားဥပဒေစိုးမိုးရေး၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခမ်းကဏ္ဍ စတာတွေကို အဓိကထား တင်ပြမေးမြန်းဆွေးနွေးကြမှာဖြစ်ပါတယ်။ အခုလို အလုပ်ရုံဆွေးနွေးပွဲတွေကို အခြားတိုင်းနှင့်ပြည်နယ်တွေမှာလည်း ပြုလုပ်ခဲ့ပြီး တစ်နှစ်ကို အနည်းဆုံး ၆ ကြိမ်လောက်လုပ်တယ်လို့သိရပါတယ်။ အခုလိုဆွေးနွေးပွဲက ရရှိလာတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ လွှတ်တော်၊ အစိုးရအဖွဲ့တွေကို ပေးပို့သွားမယ်လို့ဆိုပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ တိုင်းပြည်တစ်ခုမှာ အရပ်ဘက်အဖွဲ့အစည်းတွေ တောင့်တင်းခိုင်မာလာလေလေ ဒီမိုကရေစီစနစ်က အမြစ်တွယ်လေဖြစ်ပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် ဒေသတွင်း ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ် မရှိမဖြစ်လိုအပ်သလို ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ်အတွက် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အင်မတန်မှ အရေးကြီးတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာ ဝန်ကြီးက အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါသေးတယ်။ သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024