Home
ဆောင်းပါး
ယဉ်ကျေးမှုတော်လှန်ရေး ဂယက်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ရွှေရောင်နေ့ရက်များ
DVB
·
January 5, 2018
မြန်မာပြည်အရှေ့မြောက်ပိုင်းဒေသ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော် စတင်ဝင်ရောက်လာပြီးနောက် အခြေအနေ သိပ်မလှတော့သည့်အခါ တရုတ်ပြည်မှ လက်ဝဲကူညီရေးတပ်ဖွဲ့များ စေလွှတ်လိုက်ရပုံကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ဗမာပြည်တော်လှန်ရေးကို အကူအညီပေးသည့် အင်အားစုများထဲတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ စစ်ရေးအကြံပေးများ၊ လက်ဝဲကူညီရေး တပ်ဖွဲ့များအပြင် မိမိ၏ လွတ်လပ်သော သဘောဆန္ဒအလျောက် နိုင်ငံတကာ ကူညီရေးစိတ်ဓာတ်ဖြင့် လာရောက်ကူညီကြသည့် လူငယ်များလည်း ရှိသေးသည်။ ထိုသူတို့မှာ တပ်သားသစ်အဖြစ် မှတ်ပုံတင်ရာတွင် နယ်စပ်ရှိ မုံးကိုးချောင်းကို ဖြတ်ကူးပြီး ဝင်လာကြရလေရာ ဘောင်းဘီခြေထောက် ရေမစိုစေရန် လိပ်ခေါက်ပြီးမှ ဝင်လာရသဖြင့် သူတို့ကို “ဘောင်းဘီခြေလိပ်များ” ဟုလည်း ခေါ်ကြသည်။ အဓိပ္ပာယ်မှာ မိမိဆန္ဒအလျောက်လာသည့် ဗော်လံတီယာများဆိုသည့် အဓိပ္ပာယ် ဖြစ်သည်။    တရုတ်ပြည်မှ လာရောက်ကူညီကြသူများထဲတွင် ထိုသူတို့မှာ အရေအတွက်အများဆုံး ဖြစ်၍ ၂၀၀၀ ကျော်ခန့်ရှိသည်။ ထိုအထဲတွင် မြန်မာပြည်မှ တရုတ်ပြည်သို့ ၁၉၆၇ ခုနှစ် တရုတ်အရေးအခင်းဖြစ်သည့် ကာလက ပြန်သွားကြသော ဟွာချောင် ခေါ် မြန်မာ Overseas Chinese များနှင့် တရုတ်ပြည်သား တပ်နီပညာတတ်လူငယ် ၆၀၀ ခန့်လည်း ပါဝင်သည်။ သူတို့မှာ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း မြန်မာနိုင်ငံ၏ တော်လှန်ရေးတိုက်ပွဲ သတင်းများကို ကြားသိရသဖြင့် ဒေါက်တာနော်မန်ဗက်သွန်း (တရုတ်ပြည်၏ ဂျပန်ခုခံဆန့်ကျင်ရေး စစ်ပွဲကာလအတွင်းက ကနေဒါ ကွန်မြူနစ်ပါတီက စေလွှတ်လိုက်သည့် ခွဲစိတ်ဆရာဝန်ကြီး- ပိုင်ချူအင်) နှင့် ဘိုလစ်ဗီးယား တော်လှန်ရေးတွင် ကျဆုံးသွားသော ချီလီနိုင်ငံသား တော်လှန်ရေးသမား ဆရာဝန် ချေဂွေဗားရားတို့ကဲ့သို့ နိုင်ငံတကာကူညီရေး စိတ်ဓာတ်ဖြင့် လာရောက်တိုက်ပွဲဝင်ခဲ့ကြသည့် လူငယ်များ ဖြစ်ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်က ဝ နယ်သို့ ဝင်ရောက် အခြေမချမီအထိ တပ်ထဲရှိ အများစုအင်အားမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ဒုတိယအများစုမှာ ကိုးကန့်ဒေသခံများ ဖြစ်ကြသည်။ တရုတ်လူငယ်များက မိမိအသက်ကို ပဓာနမထားဘဲ မြန်မာပြည် တော်လှန်ရေး တိုက်ပွဲတွင် ဝင်ရောက်ကူညီကြခြင်းမှာ ယဉ်ကျေးမှုတော်လှန်ရေး၏ ကြီးမားသော လှုံ့ဆော်မှုဂယက်ကြောင့် ဖြစ်လေသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်ဒေသတွင် စတင်အခြေချနိုင်ခဲ့ခြင်းရော၊   အောင်မြင် ကြီးထွားလာခြင်းတို့မှာပါ တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေး၏ အကျိုးဆက်ကြောင့် ဖြစ်လေရာ ၁၉၆၆ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ကြာမြင့်ခဲ့သည့် ယဉ်ကျေးမှုတော်လှန်ရေးကြီး အကြောင်းကို နားလည်ထားရန် လိုပေလိမ့်မည်။ မဟာပစ္စည်းမဲ့ယဉ်ကျေးမှုတော်လှန်ရေး အပြည့်အစုံ အခေါ်အဝေါ်အားဖြင့် မဟာပစ္စည်းမဲ့ ယဉ်ကျေးမှုတော်လှန်ရေး (Great Proletarian Cultural Revolution- တရုတ်အသံထွက်ဖြင့်- ဝူးချန်ကြဲကျိ ဝင်ဟွာတာကေ့မင်) ဟု ခေါ်ဆိုသည့် လူထုထကြွမှုကြီးကို အာဏာလက်ရှိ တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုံးက ဦးဆောင်ကာ လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။ တော်လှန်ရေး၏ အဓိက ရည်ရွယ်ချက်မှာ တရုတ်လူ့အဖွဲ့အစည်းအတွင်းရှိ အရင်းရှင် လူတန်းစား အတွေးအခေါ်ကို ကိုယ်စားပြုသူများအား ဖယ်ရှားပစ်ပြီး စစ်မှန်သော ကွန်မြူနစ်အတွေးအခေါ်ကို ကာကွယ်ထိန်းသိမ်းရန်နှင့် ပါတီတွင်းတွင် မော်စီတုံး အတွေးအခေါ် လွှမ်းမိုးလာစေရန်ဟု ဆိုလေသည်။ ယဉ်ကျေးမှုတော်လှန်ရေး၏ ရည်ရွယ်ချက် လေးရပ်တွင် (၁) မော်စီတုံး အတွေးအခေါ်အပေါ် သစ္စာရှိသူများဖြင့် သူ့ကို ဆက်ခံမည့်သူများကို အစားထိုးရန်၊ (၂) တရုတ်ကွန်မြူနစ်ပါတီကို ပြုပြင်ပြောင်းလဲရန်၊ (၃) တရုတ်လူငယ်များကို တော်လှန်ရေး အတွေ့အကြုံများ ရရှိလာစေရန်နှင့် (၄) ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် အထက်တန်းလွှာများထက် ပစ္စည်းမဲ့လူတန်းစားကို ပိုမိုအကျိုးပြုစေသည့် ပေါ်လစီ အပြောင်းအလဲများ ပြုလုပ်ရန်တို့ ဖြစ်သည်။ တော်လှန်ရေး၏ အဓိကအင်အားအဖြစ် မြို့ပြနေလူငယ်များကို ကျောရိုးပြု စည်းရုံးပြီး တပ်ဖွဲ့နီ (Red Guard - ဟုန်ဝေပင်း) ဟု အမည်ပေးကာ လှုပ်ရှားမှုများ ပြုလုပ်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များကို အရေးမယူ၊ မတားဆီးကြရန် မော်စီတုံးက ပါတီနှင့် တပ်မတော်ကို ညွှန်ကြားထားလေသည်။ မအောင်မြင်သော မဟာခုန်ပျံကျော်လွှားရေး ယဉ်ကျေးမှုတော်လှန်ရေးကြီး ဖြစ်ပွားအောင် မော်စီတုံးက လှုံ့ဆော်ရခြင်းတွင် နောက်ခံအကြောင်းရင်းများ ရှိသည်။ ၁၉၅၈ ခုနှစ်က တရုတ်ပြည်၏ ပထမ ၅ နှစ် စီမံကိန်းတွင် တိုင်းပြည်ကို ခေတ်မီစက်မှုနိုင်ငံတခု ဖြစ်လာစေရန် အရှိန်မြှင့် ဆောင်ရွက်မည့် “အောက်ခြေက စသည့် ဆိုရှယ်လစ်စနစ်” စီမံကိန်းများ ပါဝင်သည်။ ထိုစိတ်ဓာတ်အရ မော်က မဟာခုန်ပျံကျော်လွှားရေး ဆိုသည်ကို ချမှတ်ကာ ကျေးလက်ဒေသများတွင် ပြည်သူ့ဘုံအဖွဲ့များ တည်ထောင်စေသည်။ ဘုံအဖွဲ့ အများအပြား၏ ရည်မှန်းချက်မှာ တခုတည်းသော ထုတ်ကုန်ဖြစ်သည့် သံမဏိထုတ်လုပ်ရန်ဖြစ်ပြီး မော်က လယ်ယာစိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုကို ၁၉၅၇ ခုနှစ် အထွက်ထက် နှစ်ဆ ဖြစ်လာစေရန် သန္နိဋ္ဌာန်ချထားသည်။ လက်တွေ့တွင်ကား မဟာခုန်ပျံကျော်လွှားရေး စီမံကိန်းကြောင့် မဟာစီးပွားဆုတ်ကပ် ဆိုက်လေတော့သည်။ အတတ်ပညာမဲ့သည့် တောင်သူလယ်သမားများက ဒေသခံ ကေဒါများ သတ်မှတ်သည့် သံမဏိတန်ချိန်ကို ထုတ်လုပ်ရန် အိမ်တွင်းမီးဖိုများကို အသုံးပြုခဲ့ကြသည်။ ထွက်ရှိလာသော သံမဏိများမှာ အရည်အသွေးနိမ့်ပြီး သုံးမရသည်က များသည်။ စံမမီသည့် သံရိုင်းနှင့် သံမဏိများမှလွဲ၍ ကောက်ပဲသီးနှံထွက်ကုန် အပါအဝင် အခြားသော ထုတ်လုပ်ရေး အားလုံးကျဆင်းခဲ့သည်။ ပို၍ဆိုးသည်မှာ ဒေသခံ အာဏာပိုင်များက ထုတ်လုပ်မှုအရေအတွက်ကို ပိုမိုချဲ့ကား စာရင်းပြပြီး တကယ့်ပြဿနာ အစစ်အမှန်များကို နှစ်ပေါင်းများစွာ ဖုံးကွယ်ခဲ့လေသည်။ သို့ဖြစ်လေရာ ထုတ်လုပ်ရေး တဟုန်ထိုး ကျဆင်းခဲ့ရပြီး နိုင်ငံတဝန်းလုံး အစားအစာ မလုံမလောက်ဖြစ်ကာ အငတ်ဘေး ကျလေတော့သည်။ ထိုအငတ်ဘေးကြောင့် လူသန်းပေါင်းများစွာ သေကျေခဲ့ကြရပြီး ကုန်းတွင်းခေါင်ခေါင် ဒေသများတွင် ပိုမိုထိခိုက်ခံစားကြရသည်။ မဟာခုန်ပျံကျော်လွှားရေး စီမံကိန်း မအောင်မြင်မှုကြောင့် ပါတီတွင်း မော်စီတုံး သြဇာ ကျဆင်းခဲ့ကာ မအောင်မြင်မှုကို တာဝန်ယူရသောအားဖြင့် ၁၉၅၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥက္ကဋ္ဌ (သမ္မတ) ရာထူးကို လူရှောက်ချီကို လွှဲပြောင်းပေးလိုက်ရသည်။ ထိုနှစ် ဇူလိုင်လတွင် ပါတီခေါင်းဆောင်များက ကျန်းရှီးပြည်နယ် လူစန်း (လူတောင်တန်း) တွင် လမ်းစဉ်ပေါ်လစီဆိုင်ရာ အစည်းအဝေး ကျင်းပသည့်အခါ ကာကွယ်ရေးဝန်ကြီး မာရှယ် ဖုန်တက်ဟွိုင်က မော်စီတုံးထံ ပုဂ္ဂိုလ်ရေးပေးစာတစောင် ရေးသား၍ မဟာခုန်ပျံကျော်လွှားရေး စီမံကိန်း အားနည်းချက်များကို ဝေဖန်ထောက်ပြလေသည်။ မဟာခုန်ပျံကျော်လွှားရေး လုပ်ငန်းစဉ်မှာ စီမံခန့်ခွဲမှု အလွဲများနှင့် ဘောဂဗေဒ ဥပဒေသများအပေါ် နိုင်ငံရေးအရ တရားသေ ရှုမြင်မှုများကြောင့် ဒုက္ခရောက်ရခြင်း ဖြစ်သည်ဟု ဆိုထားလေသည်။ ဖုန်တက်ဟွိုင်၏ ပေးစာက ပျော့ပျောင်းညင်သာသော်လည်း သူ့ခေါင်းဆောင်မှုကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည်ဟု မော်က ခံယူသည်။ သို့ဖြစ်၍ ကွန်ဖရင့်အစည်းအဝေး ပြီးသောအခါ မော်က ဖုန်တက်ဟွိုင်ကို “လက်ယာအချောင်သမား” ဟု တံဆိပ်ကပ်ကာ ရာထူးတာဝန်များမှ ဖယ်ရှားလိုက်ပြီး လင်ပြောင်ကို အစားထိုးလိုက်လေသည်။ လူစန်း ကွန်ဖရင့်က ဖုန်တက်ဟွိုင်အတွက် သေမင်းတမန် ခေါင်းလောင်းထိုးသံ ဖြစ်ခဲ့သော်လည်း လုပ်ပိုင်ခွင့်အာဏာမှာ သဘောထား ပိုမိုပျော့ပျောင်းသူများ ဖြစ်ကြသော လူရှောက်ချီနှင့် တိန့်ရှောက်ဖျင်တို့ဆီသို့ လွှဲပြောင်းရောက်ရှိသွားလေတော့သည်။ ၁၉၆၀ ပြည့်နှစ်များအတွင်းတွင် လူရှောက်ချီ၊ တိန့်ရှောက်ဖျင်နှင့် ကျိုးအင်လိုင်း (ချူအင်လိုင်း) တို့က မဟာခုန်ပျံကျော်လွှားရေး၏ စီးပွားရေးပေါ်လစီ အမှားများကို ပြင်ဆင်ခဲ့ကြသည်။ ဤလက်တွေ့ကျသော သဘောထားပျော့ပျောင်းသည့် အုပ်စုက မော်၏ စိတ်ကူးယဉ်လောကအမြင်များအပေါ် သိပ်စိတ်ပါလက်ပါ မရှိကြချေ။ ပါတီတွင်း သြဇာကျဆင်းလာသည့်အတွက် မော်က တသီးတခြား အများနှင့်ကင်းကွာစွာ နေထိုင်သည်။ ၁၉၆၂ ခုနှစ်တွင် လူရှောက်ချီ၊ ကျိုးအင်လိုင်း (ချူအင်လိုင်း) နှင့် တိန့်ရှောက်ဖျင်တို့က နိုင်ငံ့အုပ်ချုပ်ရေးနှင့် စီးပွားရေးကိစ္စများကို ဆောင်ရွက်နေသည့်အတွက် မော်က စီးပွားရေးကိစ္စများကို ဆုံးဖြတ်ချက်ပေးသည့်နေရာမှ ရှောင်ဖယ်ကာ မာ့က်စ်-လီနင် ဝါဒ သဘောတရားရေးရာများ အပေါ်ကိုသာ အာရုံစိုက်ခဲ့သည်။ သူ၏ “စဉ်ဆက်မပြတ် တော်လှန်ရေး-လုပ်ရေး” ဆိုသည့် သဘောတရားမှာ ကွန်မြူနစ်ဝါဒအပေါ် မော်စီတုံး အတွေးအခေါ် ဆိုသည့် တံဆိပ်ပြန်လည်ကပ်နှိပ်နိုင်ရန်နှင့် ပါတီတွင်း ကျဆင်းခဲ့သော သူ၏ သြဇာကို ပြန်လည်ထူထောင်ရန်အတွက် ခင်းကျင်းသည့် အဆင်အပြင်သာ ဖြစ်လေသည်။ တရုတ်-ဆိုဗီယက် အကွဲအပြဲနှင့် ပြန်လည်ပြင်ဆင်ရေးဝါဒ ဆန့်ကျင်ရေး ၁၉၅၀ ပြည့်နှစ်များအတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆိုဗီယက်ယူနီယံတို့သည် ကမ္ဘာ့အကြီးဆုံး ကွန်မြူနစ်နှစ်နိုင်ငံ ဖြစ်ကြသည်။ ဆိုဗီယက်ယူနီယံတွင် ခေါင်းဆောင် ဂျိုးဇက်စတာလင် ကွယ်လွန်ပြီးနောက် နီကီတာ ကရုရှက်ဖ် တက်လာသည့်အခါ သဘောကွဲလွဲမှုများ လူသိရှင်ကြား ပေါ်ထွက်လာလေသည်။ ၁၉၅၆ ခုနှစ်တွင် ကရုရှက်ဖ်က စတာလင်၏ လမ်းစဉ်ပေါ်လစီ အမှားများကို ဝေဖန်ရှုတ်ချမှုများ လုပ်လာသည်။ စတာလင်ကို ဒုတိယကမ္ဘာစစ် သူရဲကောင်း တယောက်အဖြစ် ရှုမြင်ထားကြသော မော်စီတုံးနှင့် တရုတ်ကွန်မြူနစ် ခေါင်းဆောင်များက ကရုရှက်ဖ်၏ သဘောထားကို ဆန့်ကျင်ကြပြီး ကရုရှက်ဖ်၏ လုပ်ဆောင်ချက်က ကမ္ဘာလုံးဆိုင်ရာ မာ့က်စ်ဝါဒလှုပ်ရှားမှုအတွက် မကောင်းသည့် ဂယက်ရိုက်ခတ်မှုကိုသာ ဖြစ်ပေါ်စေလိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ပြင် ကရုရှက်ဖ်သည် မာ့က်စ်-လီနင်ဝါဒကို ဦးထိပ်မထားသည့် ပြန်လည်ပြင်ဆင်ရေးဝါဒီ တယောက်ဖြစ်သည်ဟု မော်က ယုံကြည်သည်။ ကရုရှက်ဖ်အနေဖြင့် မာ့က်စ်-လီနင်ဝါဒမှ သွေဖည်လျက် အရင်းရှင် လမ်းကြောင်းသို့ ပြန်လည်လျှောက်လှမ်းသွားနေသည်ဟု ယုံကြည်လေရာ တရုတ်ပြည်တွင်လည်း တနေ့နေ့တွင် ထိုသို့ အရင်းရှင်လူတန်းစားက အာဏာကို ပြန်လည်ချုပ်ကိုင်လာမည်ကို စိုးရိမ်ပူပန်လေသည်။ တရုတ်အစိုးရနှင့် ဆိုဗီယက်ယူနီယံတို့အကြား ဆက်ဆံရေး အဆင်မပြေမှုများ ကြီးထွားလာလေရာ တရုတ်ပြည် ကုလသမဂ္ဂဝင်ခွင့် ရရေးကိစ္စနှင့် တရုတ်ပြည်အား နျူကလီးယားလက်နက် အကူအညီပေးရေးကိစ္စတို့ကို ဆိုဗီယက်တို့က ငြင်းဆန်သည်အထိ ဖြစ်လာလေသည်။ ၁၉၆၀ ပြည့်နှစ် ဧပြီလတွင် မော်က ပြန်လည်ပြင်ဆင်ရေးဝါဒကို ရှုတ်ချ တိုက်ခိုက်လေသည်။ ဆိုဗီယက်ယူနီယံကို တည့်တည့်လက်ညှိုးမထိုးဘဲ သူ၏ သဘောတရားရေး မဟာမိတ်ဖြစ်သည့် ယူဂိုဆလပ်ဗီးယား ကွန်မြူနစ်အဖွဲ့ချုပ်ကို ဝေဖန်လေသည်။ အပြန်အလှန်အားဖြင့် ဆိုဗီယက်ယူနီယံကလည်း တရုတ်၏ မဟာမိတ်ဖြစ်သော အယ်လ်ဘေးနီးယား အလုပ်သမားပါတီကို ဝေဖန်တိုက်ခိုက်လေသည်။ ၁၉၆၃ ခုနှစ်သို့ ရောက်သောအခါ တရုတ်ကွန်မြူနစ်ပါတီသည် ဆိုဗီယက်ကွန်မြူနစ်ပါတီကို ပြင်းထန်စွာ ဝေဖန်ရေးထားသည့် စာတန်း ၉ စောင် ထုတ်ပြန်၍ ဗြောင်ဝေဖန်တိုက်ခိုက်လေတော့သည်။ ထိုစာတန်းများထဲမှ “ကရုရှက်ဖ်၏ အတုအယောင် ကွန်မြူနစ်ဝါဒနှင့် ကမ္ဘာ့အတွက် သမိုင်းသင်ခန်းစာများ” ဆိုသည့် စာတန်းတွင် မော်က ကရုရှက်ဖ်သည် ပြန်လည်ပြင်ဆင်ရေးသမားတယောက် ဖြစ်သည်သာမက အရင်းရှင်စနစ် ပြန်လည်လွှမ်းမိုးလာရေးအထိ အန္တရာယ်ပေးနိုင်သူ ဖြစ်ကြောင်း စွပ်စွဲထားလေသည်။ ၁၉၆၄ ခုနှစ်တွင် ဆိုဗီယက်ကွန်မြူနစ်ပါတီတွင်း အာဏာသိမ်းခံရမှုကြောင့် ကရုရှက်ဖ် ပြုတ်ကျသွားလေရာ မဟာခုန်ပျံကျော်လွှားရေး အမှားကြောင့် ပါတီတွင်း သြဇာကျနေသော မော်စီတုံးအနေဖြင့်လည်း တရုတ်ပြည်တွင် အလားတူ ဖြစ်လာမည်ကို စိုးရိမ်လာသည်။ (ဆက်လက်ဖော်ပြပါမည်။) ရဲထွန်း (သီပေါ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024