ဒဏ်ခတ်မှုလျှော့ပေးလိုက်တာဟာ မြန်မာ့စီးပွားရေးတိုးတက်မှု အထောက်အကူမဖြစ်နိုင်
DVB
·
April 27, 2012
မြန်မာနိုင်ငံအပေါ် လျှော့ပေါ့ပေးလိုက်တဲ့ ပိတ်ဆို့မှုတွေဟာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ မဖြစ်နိုင်ဘူးလို့စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ ဦးခင်မောင်ညို(ဘောဂဗေဒ)က ပြောဆိုလိုက်ပါတယ်။
“ဒီစီးပွားရေးပိတ်ဆို့မှုတွေ ခြုံပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် နိုင်ငံရဲ့ စီးပွားရေးအပေါ်မှာ ဘာမှ ထူးထူးခြားခြား သက်ရောက်မှု မရှိဘူးဆိုတာ ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဩစတြေးလျ ရုပ်တဲ့ဟာဆိုရင်လည်း သူ့နိုင်ငံက တားမြစ်ထားတဲ့ ပုဂ္ဂိုလ်တွေကို အဲဒီစာရင်းကနေ ၂၀၀ လောက်ကို လျှော့ပေးလိုက်တယ်။ အဲဒါ စီးပွားရေးအရ ဘာမှ ထူးထူးခြားခြားမရှိဘူး။
“နော်ဝေ ဆိုတာလည်း မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေ အရမ်းနည်းတယ်။ နောက်တခါ အမေရိကန်က ရုပ်ပေးလိုက်တာ ဘာတွေလဲဆိုတော့ အရပ်ဘက်အဖွဲ့အစည်းတို့၊ ဘာသာရေးအဖွဲ့အစည်းတို့၊ နောက်တခါ အရေးပေါ် သဘာဝဘေးအန္တရာယ် ကျရောက်တဲ့သူတွေကို ကာကွယ်ဖို့ ဆိုတာမျိုး။ ဒါမျိုးပဲပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ ဆိုတဲ့ဟာ အရင်းအနှီးဝင်လာဖို့ သူ ခွင့်ပြုထားတာ မရှိဘူး။ ဥရောပကလည်း ၁ နှစ်ဆိုင်းငံ့တယ်။ ဥရောပက ၁ နှစ်ဆိုင်းငံ့တယ်ဆိုတာ ဆိုင်းငံ့ဆိုတဲ့ အဓိပ္ပာယ်က အဓိပ္ပာယ် နှစ်ခွ ထွက်နေတယ်။ တခုက ဘာလဲဆိုတော့ အခု ဆိုင်းငံ့တယ် ဒါက ပထမအဆင့်။ ပြီးရင် ဆက်လုပ်မယ်။ ဒါဆိုရင်တော့ အကောင်းသဘော ယူဆလို့ ရတယ်။ နောက်တမျိုးက အဆိုးဘက်က တွက်မယ်ဆိုရင် အခု ဆိုင်းငံ့တယ် နောက် ပြန်လုပ်ချင် လုပ်မယ်ဆိုတဲ့ အဓိပ္ပာယ်။ သူ့ဟာက ၅၀-၅၀ ဆိုတဲ့ အဓိပ္ပာယ် ထွက်နေတယ်။ အဲဒီလိုဟာကို ရင်းနှီးမြှုပ်နှံသူက ဘယ်လို အဓိပ္ပာယ်ကောက်မလဲ။ ဥရောပ ရင်းနှီးမြှုပ်နှံတဲ့သူအနေနဲ့ စိတ်ချလက်ချ လာပြီးတော့ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အနေအထား မရှိသေးဘူး။”
ဂျပန်နိုင်ငံကို မြန်မာနိုင်ငံက ပေးရမယ့် ကြွေးမြီတွေကို အခုရက်ပိုင်းမှာ လျော်ပေးခဲ့တာတွေ ဖြစ်ခဲ့ပြီး နိုင်ငံခြားအကူအညီတွေကို ပြန်လည်ပေးမယ်လို့ ဂျပန်အစိုးရက ပြောဆိုခဲ့ပါတယ်။
“၄၀ ရာခိုင်နှုန်းလောက်ကျန်တယ်။ အဲဒီ ၄၀ ရာခိုင်နှုန်းလောက် ကျန်တဲ့ဟာက ဆရာတို့က သူတို့ကို ပြန်ဆပ်ရမယ်။ ဆပ်နိုင်အောင် သူက ချေးမယ်။ သူက ချေးပြီးတော့ ဆရာတို့က သူ့တိုကို ပြန်ဆပ်ရမယ်။ အဲဒီကျမှ နောက်တကျော့တွေ နောက်ထပ် ချေးငွေပေးမယ်ပေါ့နော် အတိုးသက်သက်သာသာနဲ့ ပေးမယ်။ ဒီလိုဟာမျိုးဆိုတော့ အပြင်အပေါ်မှာ ဘာမှ အကျိုးသက်ရောက်မှု ရှိမယ် မထင်ဘူး။ အစိုးရအချင်းချင်းပေးတဲ့ အကူအညီ တချို့ပြန်ပေးမယ်လို့ ဆိုတယ်။ အဲဒီတော့ ဂျပန်က အခုသိရတာကတော့ နည်းပညာအကူအညီရှိတယ်။ နောက်တခုက တိုင်းရင်းသားအဖွဲ့ ၃ ဖွဲ့ အခု ဂျပန်မှာ ရောက်နေကြတယ်ဆိုတော့ တိုင်းရင်းသားတွေကို တိုင်းရင်းသားတွေရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပေးမယ်။ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံတာက အခု စီပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းတဲ့အခါမှာ အခုအချိန်အထိ ဘာမှ တစုံတရာ အကျိုးသက်ရောက်နိုင်တာ မတွေ့ရဘူး။”
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေတွေကြောင့် အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ အနောက်နိုင်ငံတချို့က စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ၊ စစ်လက်နက်ပစ္စည်းရောင်းချမှုတွေကို ကန့်သတ်တာတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပြည်ဝင်ခွင့် ကန့်သတ်တာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာမှ နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေကို ကြည့်ပြီး စီးပွားရေးပိတ်ဆို့မှု တချို့ကို ဖြည်လျှော့ပေးခဲ့တာ ဖြစ်ပါတယ်။