Home
မြန်မာသတင်း
ကသာမြို့နယ်တွင် ကျပ်သိန်း ၃၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
January 2, 2018
စစ်ကိုင်းတိုင်း ကသာမြို့နယ် လမ်းခွကျေးရွာ မီးရထား သံလမ်းကူးနားမှာ ကျပ်သိန်း ၃၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဇန်နဝါရီ ၁ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်တပ်ဖွဲ့စု (၆) ကသာမှ ဒုရဲမှူး မြင့်နိုင်ဦးက ပြောပါတယ်။ ဇန်နဝါရီ ၁ ရက် ညနေ ၅ နာရီခွဲလောက်က ကသာ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်ရေး ရဲတပ်ဖွဲ့စု (၆) မှ ဒုရဲမှူးမြင့်နိုင်ဦး ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးသတင်းအရ သက်သေနဲ့အတူ စောင့်ဆိုင်းနေစဉ် ကသာမြို့ဘက်မှ အင်းတော်မြို့ဘက်သို့ ငွါးလေး မောင်းနှင်ပြီး မတုန်ဂူမီး လိုက်ပါလာတဲ့ဆိုင်ကယ်နဲ့ တုန်းလေး မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေး ရှာဖွေရာမှ ကျပ်သိန်း ၃၃၀၀ ကျော်တန်ဖိုး မူးယစ်ဆေးတွေ တွေ့ရှိဖမ်းမိခဲ့တာပါ။ ကသာ မူးယစ်တပ်ဖွဲ့စု (၆) မှ ဒုရဲမှူးမြင့်နိုင်ဦးက “ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးများဟာ ဆိုင်ကယ်ပေါ်မှာ သယ်ဆောင်လာတဲ့ ထမင်း ပေါင်းအိုးနဲ့ ပဲနို့ရည်ဘူးခွံတွေအတွင်းက စိတ်ကြွဆေးပြား ၄၆၆၃၀ ပြား၊ဘိန်းဖြူမှုန့် အလေးချိန် ၁၆ ဂရမ်၊ ဘိန်းစိမ်း အလေးချိန် ၅၀၀ ဂရမ်နဲ့ စိတ်ကြွဆေးမှုန့်အကြွေ အလေးချိန် ၁၂ ဂရမ် စုစုပေါင်း ကျပ်သိန်း ၃၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့” ပြောပါတယ်။ ကသာမြို့မရဲစခန်းမှ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်  ကျန်းကားကျေးရွာ ငွါးလေး (၂၈ နှစ်)၊ လနမန်ဆိုင်ကျေးရွာနေသူ မတုန်ဝူမီး(၂၈ နှစ်)နဲ့ တုန်းလေး(၂၄ နှစ်)တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024