DVB Logo
Home
မြန်မာသတင်း
၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ ရှမ်း​ပြည် ခရီး​ထွက်မည်
DVB
·
April 27, 2012
၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ ရှမ်း​ပြည် ခရီး​ထွက်မည်
Donate to DVB

၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ လူထုနဲ့​တွေ့​ဆုံ​ဟော​ပြောပွဲ​တွေ လုပ်ဖို့​ လာမယ့်​ရက်ပိုင်း​အတွင်း​ ရှမ်း​ပြည်နယ်ကို ခရီး​ထွက်မယ်လို့​ သိရပါတယ်။

ကိုမင်း​ကိုနိုင်၊​ ကိုကိုကြီး​တို့​ခေါင်း​ဆောင်တဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​များ​ အဖွဲ့​ဟာ ငြိမ်း​ချမ်း​ရေး​နဲ့​ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ အစီစဉ်အရ ရှမ်း​ပြည်နယ် ​တောင်ပိုင်း​က မြို့​တွေကို မန္တ​လေး​မြို့​က​နေတဆင့်​ သွား​ရောက်မှာပါ။

၂၉ ရက်​နေ့​ည​နေစတင်မယ့်​ ဒီခရီး​စဉ်နဲ့​ပတ်သက်ပြီး​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် တဦး​ဖြစ်တဲ့​ ကိုဂျင်မီက ဒီဗွီဘီကို ခုလို ​ပြောပါတယ်။

“ရှမ်း​ပြည်​တောင်ပိုင်း​ပေါ့​နော်၊​ ဟိုပုန်း​၊​ ​တောင်ကြီး​၊​ ​အောင်ပန်း​၊​ ပင်း​တယ၊​ ရပ်​စောက်၊​ ငြိမ်း​ချမ်း​တဲ့​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ပါပဲ။ အဲဒီ့​ ​ခေါင်း​စဉ်နဲ့​ပဲ သွား​တာပါ။”

၈၈ မျိုး​ဆက်​ကျောင်း​သား​တွေဟာ ​တောင်ကြီး​မြို့​မှာ ​မေလ ၂ ရက်​နေ့​ကျင်း​ပမယ့်​ အကျဉ်း​ထောင်ထဲ ကွယ်လွန်သွား​ခဲ့​တဲ့​ ရှမ်း​ပြည်မျိုး​ဆက်သစ်အဖွဲ့​က ဦး​မြင့်​သန်း​ ကွယ်လွန်ခြင်း​ ၆ နှစ်ပြည့်​ နှစ်ပတ်လည်ပွဲကို တက်​ရောက်ဖို့​ရှိ​နေ ပါတယ်။

ဦး​မြင့်​သန်း​ဟာ ရှမ်း​တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ခွန်ထွန်း​ဦး​၊​ စိုင်း​ညွန့်​လွင်တို့​နဲ့​အတူ ဖမ်း​ဆီး​ခံရပြီး​ နှစ်ရှည် ​ထောင်ချခံထား​ရစဉ် ၂၀၀၆ ခုနှစ် ​မေလက သံတွဲ​ထောင်တွင်း​ ကွယ်လွန်သွား​ခဲ့​တာပါ။

ဒီအခမ်း​အနား​မှာ ရှမ်း​ခေါင်း​ဆောင်​တွေလည်း​ တက်​ရောက်ဖို့​ရှိပြီး​ ​ရှေ့​နိုင်ငံ​ရေး​ လုပ်ငန်း​စဉ်​တွေ ​ကြေညာဖွယ် ရှိ​နေပါတယ်။

၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​ဟာ ​အောင်ပန်း​မြို့​မှာ ​မေလ ၆ ရက်​နေ့​ကျင်း​ပမယ့်​ စာ​ရေး​ဆရာကြီး​ ဒဂုန်တာရာရဲ့​ အသက် ၉၃ နှစ်ပြည့်​ ​မွေး​နေ့​ပွဲကို တက်​ရောက်ဖို့​ရှိပါတယ်။

စာ​ရေး​ဆရာကြီး​ ဒဂုန်တာရာရဲ့​ ​မွေး​နေ့​ဟာ ​မေလ ၁၀ ရက်​နေ့​မှာ ကျ​ရောက်​ပေမယ့်​ ​မွေး​နေ့​ပွဲကို​တော့​ ဒီရက် အနီး​နား​ ပတ်ဝန်း​ကျင်မှာ ဆရာကြီး​ကို ချစ်ခင်​လေး​စား​တဲ့​ စာ​ပေနဲ့​ကဗျာအသိုင်း​အဝိုင်း​က ပုဂ္ဂိုလ်​တွေနဲ့​ အခါအား​လျော်စွာ ကျင်း​ပ​လေ့​ရှိပါတယ်။

အကျဉ်း​ထောင်အသီး​သီး​က​နေ ပြန်လွတ်လာတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေဟာ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ အမည်နဲ့​ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ကို လှည့်​လည်ပြီး​ လူထုနဲ့​တွေ့​ဆုံ​ဟော​ပြောပွဲ​တွေ ပြုလုပ်​နေတာပါ။

ခုလို ရှမ်း​ပြည်နယ်ကို သွား​ရောက်မယ့်​ ဒီခရီး​စဉ်ကို ​ဒေသခံ လူထုက စိတ်ဝင်စား​နေကြတယ်လို့​အောင်ပန်း​မြို့​က လူငယ်ဖွံ့​ဖြိုး​ရေး​စာကြည့်​တိုက် တာဝန်ခံ ကိုဘိုဘိုဟန်က ​ပြောပါတယ်။
“ကျ​နော်တို့​ ပြည်သူလူထု​တွေက​တော့​ အရမ်း​ စိတ်ဝင်စား​နေတယ်။ ပထမ စီစဉ်တုန်း​က ​တောင်ကြီး​၊​ ​အောင်ပန်း​ အဓိက စီစဉ်တာ​ပေါ့​။ အဲလိုက​နေ ကျ​နော်တို့​ လှုပ်ရှား​မှုကို ဆက်စပ်ပြီး​တော့​ သိသွား​ကြတဲ့​ ဥပမာ အန်အယ်လ်ဒီ လူငယ်ပိုင်း​တွေက စိတ်ဝင်စား​တော့​၊​ အဲဒီမှာ ဂဂတုန်း​က သိမီခဲ့​တဲ့​ မြို့​ခံအဖွဲ့​တွေကလည်း​ ​ပေါင်း​စပ်ပြီး​ ဖိတ်ထား​တာ​ပေါ့​။ အဲဒီလို ဖိတ်ကြား​ရင်း​နဲ့​ လူထုကြား​ထဲမှာ ရှမ်း​ပြည်ခရီး​စဉ်က​တော့​ ​တော်​တော်များ​များ​ စိတ်ဝင်စား​နေတဲ့​ အ​နေအထား​ ရှိတယ်။ ဒီကို လာတာလည်း​ တ​ကြောင်း​၊​ ဆရာကြီး​ပွဲလည်း​ရှိတယ်။ အဲဒီမှာ မီဒီယာ​တွေလည်း​ ​တော်​တော်များ​များ​ ရှိမယ်။ စာ​ရေး​ဆရာများ​လည်း​ ​တော်​တော်များ​များ​ ​ရောက်မယ်။ ဒါက​အောင်ပန်း​ပေါ့​။

“​တောင်ကြီး​မှာကျ​တော့​ နိုင်ငံ​ရေး​ပါတီ​တွေ၊​ လူမှု​ရေး​အဖွဲ့​အစည်း​တွေ ဦး​မြင့်​သန်း​ရဲ့​နေ့​မှာပဲ ​တော်​တော်များ​များ​ ဆုံပြီး​တော့​ ​ကျောင်း​သား​များ​နဲ့​ ​ဆွေး​နွေး​မယ်လို့​ သတင်း​ရတယ်။”

၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​ဟာ ဒီက​နေ့​လည်း​ သင်္ကြန်ကာလ အတွင်း​က သံချပ် လှည့်​လှည်​ဖြေ​ဖျော်ရာမှာ ရရှိတဲ့​ အလှူ​ငွေ​တွေထဲက​နေ နာ​ရေး​ကူညီမှုအသင်း​အတွက် ရန်ပုံ​ငွေ ကျပ် ၁၀ သိန်း​နဲ့​ ​မောင်​မောင်ဆိုး​လေ ထီး​ရိုး​ရှည် သံချပ်အဖွဲ့​အတွက် ဂုဏ်ပြု​ငွေ ကျပ် ၁၀ သိန်း​ ​ပေး​အပ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013