DVB Logo
Home
မြန်မာသတင်း
ရွှေလုပ်ကွက်​ကြောင့်​ စိုက်ခင်း​များ​ပျက်စီး​မှု ကုမ္ပဏီများ​ကို တရား​စွဲမည်
DVB
·
April 26, 2012
Donate to DVB

စစ်ကိုင်း​တိုင်း​ဒေသကြီး​ ဟုမ္မလင်း​မြို့​နယ်ရှိ လယ်ယာ​မြေ​တွေ​ပေါ်မှာ ​ရွှေတူး​ခွင့်​ချ​ပေး​တာ​ကြောင့်​ စိုက်ခင်း​တွေ ပျက်စီး​နေတဲ့​ကိစ္စ ကုမ္ပဏီ​တွေကို တရား​စွဲဆိုဖို့​ လယ်သမား​တွေက ပြင်ဆင်​နေပါတယ်။

ဟုမ္မလင်း​ အာဏာပိုင်​တွေက ၂၀၁၁ ခုနှစ် နိုဝင်ဘာမှာ ​ဝေဖလာအင်း​ ပတ်ဝန်း​ကျင်က ​ရွှေထွက်တဲ့​ လယ်ယာ​မြေ​တွေမှာ အ​သေး​စား​ ကုမ္ပဏီ​တွေကို လုပ်ကွက်အဖြစ် တလကို ​ရွှေ ၂ ကျပ်သား​ အခွန်ခနဲ့​ လုပ်ကွက်ချ​ပေး​ခဲ့​ပါတယ်။ ဒါကို အဲဒီလယ်​တွေမှာ လုပ်ကိုင်စား​သောက်​နေတဲ့​ လယ်သမား​တွေက သက်ဆိုင်ရာကို တိုင်တန်း​လို့​ တား​မြစ်ခဲ့​တဲ့​အတွက် ကုမ္ပဏီ​တွေရဲ့​ ​ရွှေရှာတဲ့​ လုပ်ငန်း​ ရပ်နား​ခဲ့​ပါတယ်။

အဲဒီအခါမှာ လယ်သမား​တွေက ​နွေစပါး​ပြန်စိုက်ခဲ့​ပြီး​ အပင်​တွေ ကြီး​ထွား​လာချိန် ဇန်နဝါရီလမှာ ကုမ္ပဏီ​တွေက သူတို့​ရဲ့​ ​ရွှေရှာ​ဖွေတဲ့​လုပ်ငန်း​ကို ပြန်လည် လုပ်ကိုင်ကြပါတယ်။

အခု ​ရွှေကျင်ရာက​နေထွက်လာတဲ့​ နွံ​ရေ​တွေ လယ်ယာ​မြေကို ဖုံး​လွှမ်း​ပြီး​ စိုက်ပျိုး​သီး​နှံ​တွေ ပျက်စီး​ကုန်တဲ့​အတွက် ကုမ္ပဏီ​တွေကို တရား​စွဲဆိုသွား​မယ်လို့​ ဟုမ္မလင်း​က လယ်သမား​အ​ရေး​ ​ဆောင်ရွက်​ပေး​နေသူ ​ဒေါ်စန်း​စန်း​ဝင်း​က လက်ရှိ ဖြစ်​ပေါ်​နေတဲ့​ အ​ခြေ​နေကို အခုလို ​ပြောပါတယ်။

“စိုက်ပြီး​တော့​မှ ဘယ်မှာ ပြန်ဖြစ်သလဲဆိုရင် ဇန်နဝါရီလထဲ ​ရောက်တဲ့​အခါကျ​တော့​ သူတို့​ ​မျှောစတိုက်ပြီ။ စတိုက်​တော့​ ခြံ​တွေကို ဖျက်တယ်၊​ ​မျှောနွံ​တွေ အဲဒီမှာ ဖုံး​သွား​တယ်။ ကျမတို့​က တကြိမ်ပြန်ပြီး​တော့​မှ ကြိုး​စား​လိုက်တဲ့​အခါကျ​တော့​ အဲဒီက အ​ထွေ​ထွေအုပ်ချုပ်​ရေး​မှူး​ ဥက္ကဋ္ဌ ကိုယ်တိုင်ကပဲ ​မျှော​တွေကို ရပ်နား​ဖို့​ တား​မြစ်စာ ပို့​ပေး​တယ်။ ဒါ​ပေမယ့်​လို့​ ကျမ ဥပမာအ​နေနဲ့​ ​ပြောရရင်​ပေါ့​နော် ​အောင်တိုင်း​စံ ကုမ္ပဏီက​တော့​ ရပ်နား​ပေး​ ပြီး​တော့​မှ စွမ်း​ထက်ဝင်း​ကုမ္ပဏီက​တော့​ အခုအချိန်ထိ တိုက်လိုက်တာ ဒီ​တောင်သူ​တွေ စိုက်ထား​တဲ့​ လယ်​မြေအား​လုံး​နီး​ပါး​က ပျက်စီး​သွား​ပါပြီ။”

အ​ခြေအ​နေကို လယ်သမား​တွေက အုပ်ချုပ်​ရေး​မှူး​ထံ တင်ပြ​ပေမယ့်​လည်း​ လက်ရှိမှာ​တော့​ ကုမ္ပဏီ ၆ ခု​လောက်က ဆက်လက် လုပ်ကိုင်​နေတယ်လို့​ ဆိုပါတယ်။

ဝေဖလာအင်း​ ပတ်ပတ်လည် ​ရေတိမ်တဲ့​နေရာ​တွေမှာ ​တောင်သူ​တွေ စိုက်ပျိုး​လုပ်ကိုင်​နေတာ နှစ်​ပေါင်း​ ၂၀ နီး​ပါး​ရှိခဲ့​ပြီလို့​လည်း​ သူမက ​ပြောပါတယ်။

လယ်သမား​တွေက လယ်ယာ​မြေပြန်ရဖို့​ မြို့​နယ်အာဏာပိုင်​တွေထံကို တိုင်တန်း​ခဲ့​ပေမယ့်​ မထိ​ရောက်ခဲ့​ဘူး​လို့​လည်း​ သူမက ဆိုပါတယ်။

အစိုး​ရသစ်ကို အာဏာလွှဲ​ပြောင်း​ပေး​ပြီး​တဲ့​ ​နောက်မှာ​တော့​ အရင် စစ်အစိုး​ရလက်ထက်က လယ်ယာ​မြေသိမ်း​ယူမှု​တွေကို တိုင်တန်း​ပြောဆိုတာ​တွေ များ​ပြား​လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013