ပျောက်ဆုံးနေသော အမျိုးသမီးငယ်အမှု အိုင်အယ်လ်အိုထံတိုင်ကြား
နန်းမြနဒီ
·
April 26, 2012
ဧရာဝတီတိုင်း ကျေးရွာတခုကနေ ရန်ကုန်မှာ အလုပ်လုပ်ရင်း ထိုင်းနိုင်ငံဘက်ကို ပို့ဆောင်ခံရပြီး ပျောက်ဆုံးနေတဲ့သမီးကို ရှာဖွေပေးဖို့ မိဘတွေက ရန်ကုန်အခြေစိုက် အိုင်အယ်လ်အို ဆက်ဆံရေးရုံးကို တိုင်ကြားခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့ သမီးဖြစ်သူ အသက် ၂၀ အရွယ်ရှိ မနီလာ ခေါ် မနှင်းလှိုင်စုကို ရှာဖွေပေးဖို့နဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူပေးဖို့ ဧရာဝတီတိုင်း မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ဖိုးရွာဝဲရွာမှာ နေထိုင်သူ ဦးညီပုနဲ့ ဒေါ်မာမာအေးတို့က ရန်ကုန်မြို့မှာရှိတဲ့ အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရုံးမှာ ဧပြီ ၂၄ ရက်နေ့က တိုင်ကြားခဲ့တာပါ။
ဒီတိုင်ကြားမှုကို ကူညီပေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့က လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက အခုလို ပြောပါတယ်။
“အကြောင်းအရာကတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၄ အရ၊ တိုင်ကြားခြင်းပေါ့။ အိုင်အယ်လ်အို တာဝန်ခံတွေကနေ အပြန်အလှန် မေးမြန်းတာပါ။ ဒေါ်မာမာအေးနဲ့ ဦးညီပုရဲ့သမီး ကို သူတို့ဆက်လက် စုံစမ်းပေးပါမယ်ဆိုပြီး လက်ခံထားလိုက်တယ်။”
မနီလာကို အိမ်ဖော်အလုပ်လုပ်ဖို့ ခေါ်ဆောင်သွားသူက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ၃၀ ရပ်ကွက် စစ်တောင်းလမ်းမှာ နေထိုင်တဲ့ ဒေါ်မာမာဦး ဖြစ်ပြီး အလုပ်ရရချင်း မနီလာမိဘတွေကို ဒေါ်မာမာဦးက လစာငွေ ၆ သောင်းကို ကြိုပေးခဲ့တယ်လို့ မစုစုနွေးက ရှင်းပြပါတယ်။
မိဘတွေက လစာပုံမှန် ထုတ်လို့ရပေမယ့် သမီးနဲ့အဆက်အသွယ်မရဘဲ လုပ်သက် ၉ လအကြာမှာတော့ သမီး ယောကျာ်းနောက်လိုက်ပြေးသွားပြီလို့ အလုပ်ရှင်က မိဘတွေကို ပြောခဲ့တယ်လို့ မစုစုနွေးက ဆက်ပြောပါတယ်။
မိဘတွေက မနီလာရဲ့ မိတ်ဆွေတဦးထံကနေကြားသိချက်အရ မနီလာဟာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ကို ရောက်ရှိအလုပ်လုပ်နေပြီး သူ့လုပ်စာလခကို ဒေါ်မာမာဦးက လစဉ်ထုတ်ယူနေတယ်လို့ ပြောတဲ့အတွက် မိဘတွေက လူမှုအဖွဲ့အစည်းတွေကို တိုင်ကြားခဲ့ပါတယ်။
လူမှုအဖွဲ့အစည်းတွေရဲ့ မေးမြန်းမှုကြောင့် မအူပင်မြို့နယ် စစ်ကိုင်းရွာက ဒေါ်ခင်ငွေက ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှာ မနီလာကို မဲဆောက်မြို့ကို ကိုယ်တိုင်ပို့ပေးခဲ့တဲ့အကြောင်း ဝန်ခံလက်မှတ်ရေးထိုးခဲ့ပါတယ်လို့ ဆိုပါတယ်။ အခု အိုင်အယ်လ်အိုထံတိုင်ကြားရာမှာ အဲဒီဝန်ခံချက်လက်မှတ်ပါ စာတစောင်ကိုလည်း သက်သေအဖြစ် ပေးပို့တိုင်ကြားခဲ့ပါတယ်။
အိုင်အယ်လ်အိုရုံးထံ အကူအညီတောင်း တိုင်ကြားစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့တကွ အစိုးရအဖွဲ့ရုံး၊ သက်ဆိုင်ရာအုပ်ချုပ်ရေးရုံး၊ လူ့အခွင့်အရေး ကော်မရှင်ရုံးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အဖွဲ့ပေါင်း ၁၁ ဖွဲ့ဆီ ပေးပို့ခဲ့တယ်လို့ မစုစုနွေးက ပြောသွားပါတယ်။