Live
Home
မြန်မာသတင်း
သိမ်းဆည်း လယ်မြေများကို မြေဖို့သည့်အတွက် တောင်သူများ တားဆီး
DVB
·
December 30, 2017
ယင်းမာပင်မြို့နယ်၊ အောင်မိုးကျေးရွာမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေနေရာတွေမှာ မြေဖို့တာတွေနဲ့ မြေညှိတာတွေ ပြုလုပ်တဲ့အတွက် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တောင်သူတွေက သွားရောက်ကန့်ကွက်ခဲ့ကြပါတယ်။ အဆိုပါ လယ်ယာမြေတွေဟာ ၂၀၀၂-၂၀၀၃ ခုနှစ်တွေတုန်းက တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့တာဖြစ်ပြီး တောင်သူတွေဘက်က နစ်နာကြေးတစ်စုံတရာ မရရှိခဲ့တဲ့အတွက် ခေတ်ကာလတန်ဖိုးနဲ့အညီ နစ်နာကြေးပေးဖို့ တောင်းဆိုထားကြတာပါ။ “အခုက ဒီလယ်ယာမြေတွေနဲ့ ပတ်သတ်ပြီး စစ်ဆေးနေဆဲ ကာလဖြစ်ပါတယ်။ မူရင်းပိုင်ရှင်က ကျမတို့ တောင်သူတွေပါ။ နစ်နာကြေးတောင်းဆိုထားတာလဲ ရှိပါတယ်။ ညှိနှိုင်းလို့ အဆင်မပြေမချင်း ဒီနေရာတွေမှာ အဆောက်ဦဆောက်တာတွေ၊ တိုးချဲ့စီမံကိန်းလုပ်တာတွေကို ဘာမှ လုပ်ပိုင်ခွင့်မပေးနိုင်ပါဘူး။ အခု ကား ၇ စီးလောက်နဲ့ မြေလာဖို့တယ်။ တပ်က မြေညှိတဲ့ ကားတွေနဲ့ လာလုပ်တယ်။ ဒါ့ကြောင့် ကျမတို့သွားပြောရတာ” လို့ အောင်မိုးကျေးရွာက ဒေါ်သန်းသန်းဦးက ပြောပါတယ်။ အခုမြေယာတွေနဲ့ ပတ်သက်ပြီး တောင်သူတွေဘက်က စပါးနှံစာအုပ်တွေ၊ နိုင်ငံတော်ကို ပေးဆောင်ထားတဲ့ အခွန်ပြေစာတွေနဲ့ တခြားပိုင်ဆိုင်တဲ့ အထောက်ထားတွေ ရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။ လက်ရှိမှာတော့ ဒီလယ်ယာမြေကိစ္စအပေါ် ယင်းမာပင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ အပါဝင် အုပ်ချုပ်ရေးပိုင်းနဲ့ မြေစာရင်းဌာနကတာဝန်ရှိသူတွေက စုပေါင်း ကော်မတီဖွဲ့ပြီး စစ်ဆေးနေပါတယ်။ ယင်းမာပင်မြို့နယ် အောင်မိုးကျေးရွာမှာ ၂၀၀၂-၂၀၀၃ ခုနှစ်တွေတုန်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ လယ်ယာမြေဧက ရာဂဏန်းနဲ့ချီ သိမ်းဆည်းခဲ့တာလည်း ဖြစ်ပါတယ်။ ရန်နိုင်စိုး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024