Home
မြန်မာသတင်း
မွန်ပြည်နယ် ခရီးသွားဧည့်သည်ဝင်ရောက်မှု ယခင်နှစ်ထက် များပြား
DVB
·
December 30, 2017
မွန်ပြည်နယ်ကို ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၀င်ရောက်မှုများမှာ ယခင်နှစ်တွေထက် ၈ ရာခိုင်နှုန်း တိုးတက်လာပြီး ၂၀၁၇ နှစ်ကုန်ပိုင်းမှာ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ရရှိတယ်လို့ မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။ မွန်ပြည်နယ်ကို ၂၀၁၅ ခုနှစ်က ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ၂၀၅၆၂၈၁ ဦး၊ ၂၀၁၆ ခုနှစ်က ၂၂၈၁၆၉၄ ဦး သာ ၀င်ရောက်လည်ပတ်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ နိုဝင်ဘာလအထိ ၂၉၆၂၁၅၈ ဦးအထိ ရှိလာပြီး ၂၀၁၇ နှစ်ကုန်ပိုင်းအထိ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ၃ သန်းကျော်အထိ ၀င်ရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၃ နှစ်အတွင်း အများဆုံးဖြစ်ခဲ့ပြီး ၀င်ငွေ ရရှိမှုမှာလည်း ၂၀၁၅ ခုနှစ်က ကန်ဒေါ်လာ ၁၀၃၃၁၆၃ နဲ့ ၂၀၁၆ ခုနှစ်မှာ ကန်ဒေါ်လာ ၁၄၃၃၈၇၃ သာ ရရှိခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ နိုဝင်ဘာလကုန်အထိ ကန်ဒေါ်လာ ၁၈၇၀၄၈၄ အထိ ရရှိခဲ့ပြီး ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ကန်ဒေါ်လာ ၂ သန်းကျော် ရရှိမယ်လို့ မွန်ပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ “ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေဝင်ရောက်မှု တိုးတက်လာတာကြောင့် ၀င်ငွေလည်း များလာတယ်။ဒီဝင်ငွေစာရင်းက ဟိုတယ်တွေဆီကနေ ၀င်တဲ့စာရင်းပဲ ရှိသေးတယ်။ တခြား ရိုးရာပစ္စည်းရောင်းတာတွေ၊ တခြားစားသောက်တဲ့ဆီက ရတာတွေ မပါသေးဘူး” လို့ မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်က ပြောပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဟာ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတခုတည်း မဟုတ်ဘဲ အခြားနည်းလမ်းတွေနဲ့လည်း နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ “Eco Tourism နဲ့ သွားမလား၊ Nature နဲ့သွားမလား၊ Adventure လား။ ရှုခင်းတောတောင်တွေ၊ လမ်းတွေကောင်းလာပြီဆိုရင် Sport Tourism လားပေါ့။ အများကြီးဆွဲဆောင်လို့ရတယ်။ ကျိုက်ထိုက ဆောင်နိုင်ကြီး အပန်းဖြေစခန်းတို့လိုမျိုး။ သံဖြူဇရပ်က သေမင်းတမန်ရထားလမ်းလည်း စိတ်ဝင်စားကြတာပဲ။ ထိုင်းဘက်က သေမင်းတမန်ဆိုရင် ၀င်ငွေတော်တော်များများရတယ်။ ကျနော်တို့ဆီမှာလည်း ဒါတွေရှိတယ်ဆိုတာကို နိုင်ငံခြားသားတွေကို ဖော်ထုတ်ပေးရမယ်။ သူတို့လည်း သိမှလာကြမှာပေါ့” လို့ ဦးသန်းထွဋ်ခိုင်က ပြောပါတယ်။ ထို့အပြင် ခရီးသွားဧည့်သည်ဝင်ရောက်မှုမှ ရရှိလာတဲ့ ၀င်ငွေတွေနဲ့ ရိုးရာအမှတ်တရ ပစ္စည်းရောင်းချတဲ့ ဒေသထွက်ကုန် တချို့အတွက် တန်ဖိုးမြင့်ထုတ်ကုန်တွေဖြစ်အောင် ကူညီထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၀င်ရောက်မှု ၀င်ငွေစာရင်းများအရ ဖေဖော်ဝါရီလမှာ ကန်ဒေါ်လာ ၃၀၁၁၇၄ နဲ့ အများဆုံးရရှိခဲ့ပြီး စက်တင်ဘာမှာ ကန်ဒေါ်လာ ၄၈၅၀၈ နဲ့ အနည်းဆုံးရရှိခဲ့ပါတယ်။ အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024