DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး မတည်ငြိမ်မှာ စိုးရိမ်ဟု ကမ္ဘာ့ဘဏ်အရာရှိဟောင်း သတိပေး
DVB
·
April 25, 2012
မြန်မာ့စီးပွားရေး မတည်ငြိမ်မှာ စိုးရိမ်ဟု ကမ္ဘာ့ဘဏ်အရာရှိဟောင်း သတိပေး
Donate to DVB

မြန်မာ့စီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်မှာ အာရှဒေသဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ယူဖူးတဲ့ စီးပွားရေးပညာရှင် ဗီကရမ် နေရူးက သတိပေးလိုက်ပါတယ်။

[caption id="attachment_24563" align="alignright" width="300" caption="စီးပွားရေးပညာရှင် ဗီကရမ် နေရူး"][/caption]

လောလောဆယ်မှာ မြန်မာပြည်ကို နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေ ဖြစ်တဲ့ အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ အကူအညီပေးဖို့ သွားနေတာ ကောင်းတဲ့လက္ခဏာတွေလို့ ဆိုပေမယ့် စီးပွားရေးကို ပြုပြင် ပြောင်းလဲတဲ့နေရာမှာ အလျင်စလိုဖြစ်လွန်းရင် မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တာကို ရေဒီယို ဩစတြေးလျက ဒီနေ့ မေးမြန်းစဉ်မှာ သတိပေးလိုက်တာပါ။

လောလောဆယ် မြန်မာအာဏာပိုင်တွေအနေနဲ့ အဓိက ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စတချို့လောက်ကို ပိုင်ပိုင်နိုင်နိုင် ဂရုတစိုက်နဲ့ စနစ်တကျ လုပ်နိုင်မှ စီးပွားရေးတိုးတက်လာမယ်၊ ဆင်းရဲမှုလည်း လျော့ကျလာမယ်၊ တခြားကဏ္ဍတွေမှာလည်း ရေမြင့်ကြာမြင့် တိုးတက်လာမယ်လို့ ဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေကို  အလျင်စလို လုပ်တဲ့ နိုင်ငံတချို့မှာ ဈေးနှုန်းတွေ ချက်ချင်း အပြောင်းအလဲဖြစ်ပြီးနောက် လုပ်ငန်းလည်ပတ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ ပျက်စီးသွားတာ၊ ဘဏ်ချေးငွေတွေ ပြန်မဆပ်တာမျိုးဖြစ်ပြီး ဘဏ်တွေ ဒုက္ခရောက်ရတာမျိုး ကြုံခဲ့ဖူးတဲ့အကြောင်း၊ ဒါကြောင့် မြန်မာပြည်မှာ ဘယ်အရာတွေကို ဦးစားပေးလုပ်ဆောင်ဖို့ လိုတယ်၊ ဘယ်လိုအရာတွေကို နောက်မှ လုပ်ရမယ်ဆိုတာကို သေသေချာချာနားလည်ဖို့ လိုအပ်တယ်လို့  စီးပွားရေးပညာရှင် ဗီကရမ် နေရူးက သတိပေးပါတယ်။

မြန်မာပြည်လိုမျိုး နိုင်ငံဟာ ကမ္ဘာကြီးရဲ့ စနစ်နဲ့ ချိတ်ဆက်တဲ့ အခါမျိုးမှာ အပြင်ကလာတဲ့ အပြောင်းအလဲဒဏ်ကို မခံနိုင်တာမျိုးဖြစ်တတ်တာကြောင့်  အရေးကြီးတာက ဖြေလျော့မှုတွေကို အလျင်စလိုလုပ်ဖို့ထက် လမ်းကြောင်းမှန်ပေါ်မှာ ရည်မှန်းချက်ထားပြီး ဂရုတစိုက်နဲ့ ဖြည်းဖြည်းမှန်မှန် အချိန်ကာလတခု သတ်မှတ်ပြီး လုပ်သွားဖို့က ပိုပြီး အရေးကြီးတယ်လို့ ဆိုပါတယ်။

လောလောဆယ်အထိ မြန်မာ့စီးပွားရေးမှာ  ကြိုးနီစနစ်က တုပ်နှောင်ထားတာ၊ တချို့အကန့်အသတ်တွေဟာ နားမလည်နိုင်လောက်အောင် ရှုပ်ထွေးမှုတွေ ရှိနေတာကြောင့် အစိုးရက ကြိုးနီစနစ်ကို ဂရုတစိုက်နဲ့ ဖျက်သိမ်းပစ်ဖို့၊ တချိန်တည်းမှာ မတည်ငြိမ်မှုတွေကို မဖြစ်အောင်လည်း ထိန်းတတ်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

ဒ့ါအပြင် မြန်မာပြည်လိုမျိုး၊ ဗဟိုအစိုးရနဲ့ တိုင်းရင်းသားတွေအကြား တင်းမာမှုတွေ မြင့်မားတဲ့နိုင်ငံမှာ သယံဇာတတွေကို ထုတ်ယူတဲ့နေရာမှာလည်း နိုင်နိုင်နင်းနင်း ကိုင်တွယ်တတ်ဖို့ လိုအပ်တာကိုလည်း သတိပေးပါတယ်။

တိုင်းရင်းသားဒေသတွေက ထွက်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ရောင်းလို့ရတဲ့ ငွေတွေကို အဲဒီဒေသတွေမှာ ကျောင်းတွေ၊ လမ်းတွေ၊ ဆေးရုံ၊ ဆေးခန်းတို့လို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးချတယ် ဆိုတာမျိုး ဒေသခံတွေက မြင်လာဖို့ လိုအပ်တာကိုလည်း သူက ထောက်ပြပါတယ်။

ဒီလိုမှမဟုတ်ရင် တင်းမာမှုတွေကြောင့် အစိုးရကလည်း သဘာဝ သယံဇာတွေကို အလျင်စလို ထုတ်ယူချင်။ ရင်းနှီးမြှုပ်နှံလုပ်ကိုင်တဲ့ ကုမ္မဏီတွေက အစိုးရကို အခွန်ကောင်းကောင်းမပေးလို့ တိုင်းပြည်ရဲ့ သယံဇာတတွေကို ဖြုန်းတီးပစ်သလိုမျိုး ဖြစ်တတ်တာကိုလည်း သူက သတိပေးပါတယ်။

ဒါကြောင့် ရေနံနဲ့ဓာတ်ငွေ့ကို အကျိုးရှိရှိအသုံးချတာမျိုး၊ ဖွံ့ဖြိုးရေးကို တပြေးညီ ဖြစ်အောင်လုပ်ဖို့ ကိစ္စမှာ တင်းမာမှုတွေကို လျှော့ချဖို့ကလည်း အရေးကြီးတယ်လို့ ကမ္ဘာ့ဘဏ်အရာရှိဟောင်း စီးပွားရေးပညာရှင် ဗီကရမ် နေရူးက သတိပေးထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013