Home
ဆောင်းပါး
ဗမာ့နိုင်ငံရေးကသောင်းကနင်းများ - အပိုင်း ၁၁
DVB
·
December 27, 2017
ဗမာ့လွတ်လပ်ရေးနှင့် နု-အက်တလီစာချုပ်- ပြည်တွင်းစစ် (The Political Turmoil In Burma ဟူသောအမည်ဖြင့် သမိုင်းစာစုကို ဆရာဦးဟန်ထွန်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ပြီး မင်းကောင်းချစ်မှ “ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ” အမည်နဲ့ မြန်မာဘာသာပြန်ဆို ရေးသားခဲ့ပါတယ်။) (၂၄) ဗမာ့လွတ်လပ်ရေးနှင့် နု-အက်တလီ စာချုပ် ဗြိတိသျှတွေနဲ့ တွေ့ဆုံအပြီးမှာတော့ ဦးနုဟာ ဗမာနိုင်ငံ လွတ်လပ်ရေးအတွက် သဘောတူညီချက်တရပ်ဖြစ်တဲ့ နု-အက်တလီစာချုပ်ကို တက်သုတ်ရိုက် လက်မှတ်ထိုးခဲ့တယ်။ အဲဒီစာချုပ်မှာ အငြင်းပွားစရာအချက် အတော်တော်များများ ပါဝင်တာမို့ တချို့ လက်ခံပေမယ့် တချို့ကတော့ လက်မခံခဲ့ကြပါဘူး။ အထူးသဖြင့် ကွန်မြူနစ်တွေနဲ့ လက်ဝဲအုပ်စုက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီအချက်တွေကတော့ (၁) လုံးဝလွတ်လပ်ရေးလား .. ဓနသဟာယ လက်ဝေခံလား (၂) အက်ဒမန်ကျွန်းကို ချန်ထားခဲ့တဲ့ကိစ္စ (၃) ဗြိတိသျှ ပင်စင်စားကိစ္စ (၄) တီမော၊ ဂေါလန်၊ ကံဖန် စတဲ့ ရွာသုံးရွာနဲ့ လီဒိုလမ်းဘက်ကနယ်ကို ချန်ထားရစ်တဲ့ ကိစ္စ (၅) ဗြိတိသျှတွေပေးတဲ့ လွတ်လပ်ရေးဟာ အတုလား၊ အစစ်မဟုတ်တဲ့ ရွှေရည်စိမ်လား (၆) ဗြိတိသျှတွေ ဆက်ရှိနေမှုကို လက်မခံတဲ့ကိစ္စ (၇) နိုင်ငံပိုင်ပြုမှုကို အာမခံမပေးနိုင်တဲ့ ဗြိတိသျှပိုင် စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ဘီအိုစီ ရေနံလုပ်ငန်း၊ ဘီဘီတီစီ သစ်လုပ်ငန်း၊ စတီးလ်ဘရားသား သံမဏိလုပ်ငန်း၊ ဧရာဝတီဖလုပ်တီလာ သင်္ဘောလုပ်ငန်း၊ ဗမာ့မီးရထားလုပ်ငန်း စတဲ့ အငြင်းပွားစရာ အချက်အလက်တွေ အမြောက်အမြား ပေါ်ထွက်လာခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို လက်လွတ်ဆုံးရှုံးပြီးရတဲ့နောက် ဗမာနိုင်ငံရဲ့ ကသောင်းကနင်း နိုင်ငံရေးဖြစ်စဉ်ဟာ ပိုမိုရှုပ်ထွေး ပြင်းထန်လာခဲ့တယ်။ အဲဒီလို သပွတ်အူပမာ အဖြစ်အပျက်တွေဟာ အာဏာရ အကျော်အမော် နိုင်ငံရေးသမားတွေဆီက စတင်ခဲ့တာဖြစ်တယ်။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းဟာ နိုင်ငံရေးခေါင်းဆောင် အများအပြားကို ဖမ်းဆီးထိန်းသိမ်းမှုတွေ စလုပ်လာခြင်းဟာ ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းတရားတွေထဲက အကြောင်းတရပ် ဖြစ်ပါတယ်။ (၂၅) ပြည်တွင်းစစ် အာဏာရ နိုင်ငံရေးအုပ်စုတွေဟာ တိုင်းတပါးသား ကိုလိုနီနယ်ချဲ့တွေထက် ပိုမိုဖိနှိပ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်း အတည်ပြုခဲ့တယ်။ သူတို့အသုံးပြုခဲ့တဲ့ ဥပဒေတွေထဲမှာ အဆိုးဆုံးကတော့ ပုဒ်မ (၅) ဖြစ်တယ်။ အဲဒီ ဥပဒေပုဒ်မ (၅) အရ သူတို့ဟာ ဘယ်သူ့ကိုမဆို အချိန်မရွေး ၂ လထိ ထိန်းသိမ်းနိုင်ခွင့်ရှိတယ်။ စာဖတ်သူတို့ စဉ်းစားကြည့် ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်တဲ့ သခင်ဖေဌေးဟာ ဒီပုဒ်မနဲ့ ထောင်ထဲမှာ ၁၄ နှစ်ထိအောင်   အထိန်းသိမ်းခံခဲ့ရဖူးတယ်။ ဒီလောက် ရှည်ကြာတဲ့ နှစ်တွေအတွင်းမှာ သူ့ကို ဆက်လက်ထိန်းသိမ်းဖို့ ဘယ်နှကြိမ်တောင် အမိန့်ထုတ်ခဲ့ရသလဲဆိုတာ တွက်ကြည့်လို့ ရပါတယ်။ ဒီလို မတရားသဖြင့် လုပ်တာ မလုံလောက်ဘူးလို့ သူတို့ ဘာကြောင့် တွေးထင်ခဲ့ရတာလဲ?။ သူတို့က  တကြိမ်မှာ ၂ လ ထိန်းသိမ်းနိုင်တဲ့ အဲဒီပုဒ်မကို ဆက်လက် ထားရှိခဲ့ကြတာကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့ခေတ် ရောက်တဲ့အထိ န.ဝ.တ အာဏာသိမ်းအစိုးရက အသုံးချနိုင်ခဲ့တယ်။ ပိုဆိုးလာတာက ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကို သူတို့က မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူးလို့  ဗြောင်ငြင်းဆိုခဲ့ကြတယ်။ ဘယ်လိုလုပ်တယ် ထင်ပါသလဲ။ ဒါဟာ သိပ်အပေါစားဆန်ပြီး လွယ်ကူလွန်းလှပါတယ်။ ဒီကနေ့ ခင်ဗျားဟာ နိုင်ငံရေးလုပ်လို့ အဖမ်းခံရရင် နောက်နေ့မှာ ခုံရုံးပို့ပြီး မဆိုင်တဲ့ပုဒ်မတွေနဲ့ ခင်ဗျားဟာ ထောင်ချခံရမှာပါ။ အဲဒီအခါမှာတော့ ခင်ဗျားဟာ ရာဇဝတ်သားတယောက် ဖြစ်သွားပြီမို့ နိုင်ငံရေးအကျဉ်းသား မဟုတ်တော့ပါဘူး။ အဲဒီတုန်းကလည်း အတူတူပါပဲ။ အဖမ်းမခံရဖို့ ဖြေရှင်း ဆွေးနွေးညှိနိုင်းဖို့ အချိန်မရှိ၊ ရွေးစရာလမ်းနဲ့ ထွက်ပေါက်က တပေါက်တည်းသာ ရှိတာလေ။ သခင်စိုး ခေါင်းဆောင်တဲ့ အလံနီကွန်မြူနစ်တွေက စပြီး တောခိုခဲ့ကြတယ်။ အဲဒီနောက် ပါတီအဖွဲ့များစွာလည်း တောခိုခဲ့ကြတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာလည်း ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ တောခိုခဲ့တယ်။ ကေအန်ဒီအို (ကရင်အဖွဲ့) နဲ့ ပြည်သူ့ရဲဘော်အဖွဲ့တွေလည်း လက်နက်ကိုင် တော်လှန်ခဲ့ကြတယ်။ ၁၉၄၉ ခုနှစ်မှာ ကျောင်းသားတွေပါ လက်နက်ကိုင်တော်လှန်ရေးထဲ ပူးပေါင်းလာခဲ့ကြတယ်။ နောက်ဆုံး ရန်ကုန် (ကြို့ကုန်း) အထိ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ကြတယ်။ ကချင်တပ်ရင်းနဲ့ ခေါင်းဆောင် နော်ဆိုင်း အပါအဝင် တပ်မတော်ရဲ့ အမြဲတမ်း စစ်တပ်အင်အား တဝက်ကျော်ဟာ တောခိုသွားခဲ့တယ်။ နော်ဆိုင်းဟာ ရှမ်းပြည်ကနေ တရုတ်ပြည်ဘက်ကို ထိုးဖောက်ချီတက်ပြီးနောက်တော့ ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်) နဲ့ ပူးပေါင်းသွားခဲ့တော့တယ်။ တိုက်ခိုက်မှုတွေ ပိုပြီးပြင်းထန်လာခဲ့တယ်။ ဦးနုက သေဒဏ်စီရင်ရတဲ့ သုတ်သင်ရေးအဖွဲ့ကို သူ့ရဲ့ ဝန်ကြီးချုပ်ရုံးအဖွဲ့အောက်မှာ တိုက်ရိုက်ထားရှိခဲ့တယ်။ ဒီနေရာမှာ နာမည်ကျော် စာရေးဆရာ စစ်ကိုင်းဦးဘိုးသင်း သားဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ စစ်ကိုင်းတိုင်းဒေသ ပါတီကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီးသိုးထိန်း ကိုယ်တိုင် ပြောတဲ့ အတွေ့အကြုံတခုအကြောင်း ရေးပြချင်ပါတယ်။ အဲဒီအချိန်တုန်းက ကျုပ်က ရန်ကုန်မြို့ ကန်တော်ကြီးမှာရှိတဲ့ ကနေဒီစခန်းက အာဏာပါးကွက်သား တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပေါ့ဗျာ။ ကျုပ်တာဝန်ကတော့ မာရှယ်လော အထူးခုံရုံးက သေဒဏ်ချမှတ်လိုက်တဲ့ ကရင်စစ်သားတွေနဲ့ တခြားသူတွေကို သေနတ်နဲ့ ပစ်သတ်ပေးခဲ့ရတာပေါ့။ ကျုပ်က နေ့စဉ်နေ့တိုင်း ဦးနုဆီကို လူကိုယ်တိုင် သတင်းပို့ပြီး အစီရင်ခံစာ တင်ခဲ့ရတယ်။ ကျုပ်ရဲဘော်တွေဆိုတာ နေ့တိုင်း ပစ်သတ်ရတာကြောင့် သူတို့လည်း အလွန်စိတ်ဆင်းရဲ ပင်ပန်းခဲ့ကြရတယ်။ ဦးနုက ကျုပ်တို့ အာဏာပါးကွက်သားတွေကို ရမ်အရက် အလျှံပယ်၊ ကပြဖြေဖျော်မှုတွေ၊ ရုပ်ရှင်ပြသပေးပြီး အပန်းဖြေအောင် စီစဉ်ပေးခဲ့ပါတယ်။ ပစ်သတ်ရတဲ့ ရဲဘော်တွေလည်း စိတ်မကောင်းဖြစ်ပြီး မပျော်ရွှင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့သတ်ရတဲ့သူတချို့က အချင်းချင်းသိကြတဲ့ အသိမိတ်ဆွေတွေလေ၊ သူတို့မှာ အပြစ်မရှိဘူးလို့ အဲဒီရဲဘော်တွေက သိကြ တွေးမိကြတာကိုး။ ဒီတော့ ကျုပ်က ပစ်သတ်တဲ့ နည်းသစ်ကို ကြံဖန်စီမံရတော့တာပေါ့။ ပစ်သတ်မယ့်တပ်ဖွဲ့ကို ဗလာကျည်အိမ် ၉ ခုနဲ့ ကျည်အပြည့်ပါတဲ့ ကျည်အိမ်တခု စုစုပေါင်း ကျည်အိမ် ၁၀ ခုစီ ထုတ်ပေးလိုက်တယ်။ ဒီတော့ ဗလာကျည်အိမ်နဲ့ ပစ်ခွင့်ရတဲ့ ရဲဘော်တွေ ပျော်နိုင်ပေမယ့် တကယ့်ကျည်အစစ်နဲ့ ပစ်မိတာကို သိတဲ့ ရဲဘော်ကတော့ သူ့ကျည်ဆန်မှန်ပြီး သေတာ သိလို့ မပျော်တော့ဘူးပေါ့။ ဒါဟာ နိုင်ငံသားအချင်းချင်း သတ်ဖြတ်မှုပါပဲ။ ဒီလိုနဲ့ လူပေါင်းများစွာ အသက်ဆုံးပါးခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီး တနှစ်ကျော်လာတော့ မြို့နယ်တချို့မှအပ တနိုင်ငံလုံး တော်လှန်ပုန်ကန်သူတွေလက်အောက် ရောက်ရှိသွားခဲ့ရတာမို့ ဦးနုအစိုးရကို ရန်ကုန်အစိုးရလို့သာ ခေါ်ခဲ့ကြတော့တယ်။ ဒုတိယမြို့တော်ဖြစ်တဲ့ မန္တလေးတောင် ပုန်ကန်သူတွေလက်အောက် ကျရောက်ခဲ့တယ်။ နိုင်ငံတဝန်းလုံး မတည်မငြိမ်ဖြစ်ပြီး ကသောင်းကနင်း ဖြစ်နေခဲ့တယ်။ အထက်မှာ ရေးပြခဲ့သလိုပဲ ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံတော်ရဲ့သမိုင်းမှာ တိုင်းပြည်ကို စုစည်းပြီး အမျိုးသားညီညွတ်ရေးကို အမြင့်ဆုံးအမှတ်ရောက်အောင် တည်ဆောက်နိုင်ခဲ့တဲ့ စတုတ္ထမြောက် အမျိုးသားခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ ဒါပေမယ့် တောင်တက်ကြတဲ့အခါမှာ တောင်ထိပ်အမြင့်ဆုံးမှတ် ရောက်ပြီးတာနဲ့ တောင်အောက် ပြန်ဆင်းခဲ့ရသလိုပါပဲ။ တမြေတည်းနေ တရေတည်း သောက်ခဲ့ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအားလုံးရဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်လို့ သွေးစည်းညီညွတ်မှု ရရှိပြီးတဲ့နောက်မှာတော့ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းခဲ့ကြတော့ ရှိရှိသမျှ တိုင်းရင်းသားတွေ လက်နက်စွဲကိုင်လို့ ပုန်ကန်မှုတွေ ဆင့်ကဲပေါက်ကွဲခဲ့တယ်။ ပြည်ထောင်စုစိတ်ဓာတ်တွေ ညှိုးနွမ်းလို့ ညီညွတ်မှုတွေဟာ ကြိုးပြတ်တဲ့ ပုတီးတကုံးလို တစစီ ပြိုကွဲခဲ့ရတာ ဖြစ်တယ်။ ခါးသီးနာကြည်းမှုတွေနဲ့ အမုန်းတရားတွေဟာ နေရာတိုင်း အဆင့်တိုင်းမှာ ပျံ့နှံ့ စိမ့်ဝင်သွားခဲ့တာ ကိုးကွယ်ရာ ဘာသာတခုနဲ့တခုကြားသာမက တိုင်းရင်းသား လူမျိုးငယ်စု အားလုံး နှလုံးသားထဲအထိ ရောက်ရှိသွားတော့ ပြည်ထောင်စုကြီးဟာ အက်ကွဲရာက ပြိုကျပျက်သုဉ်းတဲ့အဆင့်ကို ဦးတည်စေတော့တယ်။ ဦးနုဟာ အဲ့ဒီလောက်ကို အရည်အသွေး မပြည့်မီတဲ့ ဝန်ကြီးချုပ် ဖြစ်ခဲ့တယ်။ ဗြိတိသျှတွေထံက လွတ်လပ်ရေး ရပြီးကတည်းက ဦးနုဟာ ဆိုရှယ်လစ်အုပ်စုတွေ အစိုးရယန္တရားကြီးကို မောင်းနှင်နေတာကို မျက်ကွယ်ပြုခဲ့တော့တယ်။ တချိန်တည်းမှာပဲ ကရင်သူပုန်တွေကလည်း ပြင်းထန်တဲ့ နာကြည်းချက်တွေနဲ့ ဖြူးမြို့နယ် တခြားနယ်တွေမှာ မြန်မာလူမျိုး အမြောက်အမြားကို အုပ်စုလိုက် သတ်ဖြတ်မှုတွေ တခုပြီးနောက်တခု ဆက်လက်ကျူးလွန်ခဲ့ကြတယ်။   သူတို့ဟာ ဗြိတိသျှ ကိုလိုနီအုပ်စိုးသူတွေရဲ့ နောက်ကွယ်က ထောက်ခံမှုကို အပြည့်အဝ ရခဲ့ကြတယ်။ ဗြိတိသျှစစ်တပ်မှာ ဂေါ်ရခါး(နီပေါလူမျိုး) တွေပြီးရင် ကရင်လူမျိုးတွေဟာ အရေးပေးမှု အခံရဆုံး ဖြစ်ခဲ့တယ်။ ကဲ အခုတော့ ကရင်လူမျိုးတွေက မြန်မာလူမျိုးတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပါပြီ။ ဒါကြောင့် လူ့အသိုင်းအဝိုင်းအတွင်းက မကျေလည်မှု၊ ပွတ်တိုက်မှုတွေဟာ ပြည်တွင်းစစ်ဆီကို တွန်းပို့ခဲ့တော့တာပါပဲ။ ဗြိတိသျှစစ်ကော်မရှင်ဟာ အဲဒီလိုတွေ ဖြစ်နေမှန်း သိပေမယ့် မသိချင်ယောင်ဆောင်ပြီး ရေငုံနှုတ်ပိတ်နေခဲ့ကြတယ်။ အဲဒီနောက် သူတို့ဟာ အင်္ဂလန်ကို ၁၉၅၄ ခုနှစ်မှာ ပြန်သွားခဲ့ကြတယ်။ ပြည်တွင်းစစ်မှာ နှစ်ဖက်လုံးဟာ ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးခဲ့ရတယ်။ အစိုးရစစ်တပ်နဲ့ သူပုန်တပ် နှစ်ဖက်စလုံးဟာ ရွာတွေကို မီးနဲ့ရှို့၊ လုယက်၊ မုဒိမ်းကျင့်ခဲ့ကြတယ်။ ဝါရင့် နိုင်ငံရေးသမားကြီးတဦး ပြောပြချက်အရ မြန်မာနိုင်ငံမှာရှိတဲ့ ရွာပေါင်း သုံးသောင်းကျော်ရှိတဲ့အနက် တဝက်ကျော်ဟာ ပြာကျအောင် မီးရှို့ခံခဲ့ရတယ်။ တချို့ရွာတွေများဆို တကြိမ်မကတောင် မီးရှို့ဖျက်ဆီးတာ ခံခဲ့ကြရတယ်။ အဲဒီနောက် အင်းစိန်တိုက်ပွဲမှာ ကရင်သူပုန်တွေနဲ့ ရင်ဆိုင်ထိတွေ့နေရတဲ့ အစိုးရ ရှေ့တန်းတပ်တွေရဲ့ တပ်မှူး အပြောင်းအလဲ ဖြစ်ခဲ့တယ်။ ဦးနုက ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းကို ကရင်လူမျိုး ဖြစ်နေတာကြောင့် ဖိအားပေး အနားယူခိုင်းပြီး သူ့နေရာမှာ ဗိုလ်ချုပ်နေဝင်းကို အစားထိုး ခန့်အပ်ခဲ့တယ်။ အာဏာတပ်မက်တဲ့ သူတို့နှစ်ဦးက တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇောကို တောင်ပိုင်းတပ်တွေ ကွပ်ကဲဖို့ ခန့်အပ်ပြီး အင်းစိန်စစ်မျက်နှာကို ဦးစီးစစ်ဆင်စေခဲ့တယ်။ ဒီလိုနဲ့ အစိုးရတပ်တွေဟာ သူပုန်တွေလက်ထဲကနေ တနိုင်ငံလုံးကို ပြန်သိမ်းယူနိုင်ခဲ့တယ်။ ဦးနုအစိုးရအတွက်တော့ အသက်ရှူချောင်ခွင့် ရလိုက်တာပါပဲ။ အဲဒီလို အကျဉ်းအကျပ်ကာလထဲမှာ ဗိုလ်ချုပ်နေဝင်းဟာ သူ့ရဲ့ ပထမအကြိမ် အာဏာရမ္မက် ကြိုးပမ်းချက်တရပ်အဖြစ် ၁၉၄၉ ခုနှစ် အစောပိုင်းကာလမှာ နိုင်ငံတော်အာဏာသိမ်းဖို့ ကြံစည်ခဲ့ပါတယ်။ အဲဒီအကြံအစည်ထဲမှာ ဘကြီးဘဖေနဲ့ မန္တလေးရှမ်းပွဲရပ်က သနပ်ဖက်ပွဲစား ဦးဘသန်း၊ သူ့ရဲ့သားဖြစ်သူ စာရေးသူနဲ့ အနီးကပ် ရင်းနှီးရတဲ့ သူငယ်ချင်းဖြစ်သူ ကျောင်းသားခေါင်းဆောင် ကိုစောလွင်တို့ ပါဝင်ပါတယ်။ ဒီကိစ္စကို လူအနည်းငယ်သာ သိခဲ့ကြတာ ဖြစ်တယ်။ နှစ်အနည်းငယ် ကြာပြီးတဲ့နောက်တော့ ဆိုရှယ်လစ်အုပ်စုက အဲဒီကိစ္စကို တရားရုံးတော်ထံ တင်ပြစွဲဆိုခဲ့တယ်။ ဦးဘသန်းက အစိုးရသက်သေအနေနဲ့ အာဏာသိမ်း အကြံအစည် အသေးစိတ်ကို ဖွင့်ချခဲ့တယ်။ ဒါပေမယ့် ဦးနုက ဝင်ရောက်စွက်ဖက်ခဲ့ပြီး အမှုကို ရုပ်သိမ်းပေးခဲ့တယ်။ ဒီအကြောင်းကြောင့်ပဲ ဦးနုက ဗိုလ်ချုပ်နေဝင်းကို မထုတ်ပယ်တဲ့အပြင် သူ့အစိုးရအဖွဲ့ထဲ ထည့်သွင်းခဲ့တယ်။ ဒီနေရာမှာ ရှေ့မဆက်ခင် ပိုပြီး ရှင်းလင်းထင်ရှားအောင် ဦးနုရဲ့ အာဏာအပေါ်စီးရလာမှုကို အရင်သုံးသပ်တာ ပိုကောင်းပါလိမ့်မယ်။ မမျှော်လင့်ဘဲ ဦးနု လျှောက်ဖို့လမ်းဟာ ပွင့်သွားခဲ့ပါတယ်။ အဖြစ်က ဒီလိုပါ... တကယ်တော့ ဦးနုဟာ ဂျပန်တော်လှန်ရေးမှာ မပါဝင်ခဲ့ရတာကြောင့် စစ်ပြီးရင် ဦးနုက စာရေးပြီး အသက်မွေးတော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးစတော့ ဦးနုနဲ့ ဒေါက်တာဘမော်တို့ကို ဂျပန်တပ်တွေ ဆုတ်ခွာတဲ့အခါ ဓားစာခံအနေနဲ့ သံဖြူဇရပ်ထိအောင် ဖမ်းခေါ်သွားခဲ့ကြတယ်။ စစ်ပြီးစ နေ့တနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့ နှစ်ဦးတည်း ရှိနေတုန်း သခင်သန်းထွန်းက စပြောခဲ့တယ်။ “ကိုအောင်ဆန်း၊ ကိုနုတယောက်ပဲ အပြင်မှာ ကျန်ရစ်ခဲ့တယ်။ ကျုပ်တို့ သူ့ကို မချန်ထားသင့်ဘူး၊ ကျုပ်တို့ ဘာလုပ်သင့်သလဲဗျာ” လို့ ပြောတာကို ဗိုလ်ချုပ်က ‘ခင်ဗျားက သူ့ကို ဘာလုပ်စေချင်တုန်း’ လို့ ပြန်ဖြေခဲ့တယ်တဲ့။ သခင်သန်းထွန်း … “သူ့ကို ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပါစေ” ဗိုလ်ချုပ်အောင်ဆန်း … “ခင်ဗျား စီစဉ်ပေးလိုက်ပါဗျာ” အဲဒီဆွေးနွေးခန်းလေးရဲ့ နောက်ဆက်တွဲအဖြစ် မကွေးအနောက်ခြမ်း မဲဆန္ဒနယ်မြေကနေ အရွေးခံခဲ့ရပြီး ဦးနုဟာ ပါလီမန် ဥပဒေပြုလွှတ်တော်အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ အဲဒီနောက်တော့ နိုင်ငံရေးသမ္ဘာအရ သူဟာ ပါလီမန်ရဲ့ ပြောရေးဆိုခွင့်ရသူ ဖြစ်လာခဲ့တာဟာ ဦးနုအတွက် အလွန်ကျေနပ်စရာကောင်းခဲ့မှာပါ။ ဒီနောက် ကြီးမားတဲ့ အဖြစ်အပျက်တခု ပေါ်ပေါက်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရခြင်းပါပဲ။ အဲဒီမှာ ဦးနုအတွက် ဝန်ကြီးချုပ်ဖြစ်ခွင့် နောက်ထပ် လမ်းပွင့်ခဲ့တော့တာပါပဲ။ ဗိုလ်ချုပ် ရုပ်ကလာပ်ကို ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ အဲဒီနေရာမှာ နောက်တကြိမ်  ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဦးနုနဲ့ သခင်သန်းထွန်းတို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ကလာပ်နံဘေးမှာ စကားပြောခဲ့ကြပြန်ပါတယ်။ ဦးနု ... “ကိုသန်းထွန်း အခု ခင်ဗျားတော့ ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ လုပ်ရတော့မယ်” သခင်သန်းထွန်း  ...  “မဟုတ်ဘူး ကိုနု ... ကျုပ် လုပ်လို့မဖြစ်ဘူးဗျ” ဦးနု  … “ဘာဖြစ်လို့လဲဗျ” သခင်သန်းထွန်း ... “ကျနော် ဥက္ကဋ္ဌလုပ်ရင် .. ကျနော်တို့ လွတ်လပ်ရေးက ပိုဝေးသွားလိမ့်မယ်ဗျ” ဦးနု ... “ဘာဖြစ်လို့ပါလိမ့်ဗျာ” သခင်သန်းထွန်း ... “ဘာကြောင့်လို့လဲဆိုတော့ .. ဘဆွေ ကျော်ငြိမ်းတို့ ဆိုရှယ်လစ်အုပ်စုတွေ ကျနော့်ကို ဆန့်ကျင်ကြလိမ့်မယ်။ ... အဲဒါဆိုရင် ကျနော်တို့ လွတ်လပ်ရေးတိုက်ပွဲ ပိုနှေးသွားလိမ့်မယ်ဗျ” အဲဒီမှာ ဦးနုဟာ ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံခဲ့ရလို့ နု-အက်တလီ စာချုပ်ကို လက်မှတ်ထိုးရပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်သော မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့တာ ဖြစ်တယ်။ ကံကောင်းခြင်းတွေ အားလုံးဟာ သူ့ဘက်မှာ ရှိနေခဲ့တယ်။ အားလုံးသော ဝါရင့်သမ္ဘာရင့် နိုင်ငံရေးသမားကြီးတွေ အားလုံးက အဲဒီအချိန် နိုင်ငံရေး ပင်မရေစီးကြောင်းကနေ ဖယ်ခွာ လက်ရှောင်နေခဲ့ကြတယ်။ ဦးနုဟာ အဓိကကျတဲ့ နိုင်ငံရေးခေါင်းဆောင်နေရာ ပြန်လည်ရရှိခဲ့တယ်။ ဗိုလ်ချုပ် အလုပ်ကြံခံရတယ်၊ နု-အက်တလီစာချုပ် လက်မှတ်ထိုးရတယ်၊ လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် ဖြစ်ခဲ့တယ်။ ပုန်ကန်မှုတွေ အားလျော့သွားခဲ့ပြီး ဆိုရှယ်လစ်အုပ်စုသာ နိုင်ငံရေးပြိုင်ဘက်အဖြစ် ကျန်ရစ်ခဲ့တော့တယ်။ ဦးနုရဲ့ ပါလီမန်အစိုးရဟာ ပြည်တွင်းစစ်မှာ အလျှင်အမြန် နာလန်ထလာနိုင်စေတဲ့ အကြောင်းတရားတချက်က အိန္ဒိယဝန်ကြီးချုပ် နေရူးထံက သင်္ဘောတစီးစာအပြည့် လက်နက် ခဲယမ်းမီးကျောက်တွေ ရရှိခဲ့တာကြောင့်ပါပဲ။ ဦးနုက အဲ့ဒီ လက်နက်တင်သင်္ဘော ရောက်ရှိလာမှုကို ပြည်သူလူထုအတွက် သီဟိုဠ်က ဘုရားရှင် စွယ်တော်ပင့်ဆောင်လာတဲ့ ဘာသာရေး သာသနာပြု အစီအစဉ်လို ဟန်ဆောင် ဖုံးကွယ်ခဲ့တယ်။ တကယ်တော့ အိန္ဒိယအစိုးရထံက ဦးနုဆီ ပို့ပေးလိုက်တဲ့ လက်နက်အကူအညီတွေပါပဲ။ ဒါဟာ ဗြိတိသျှတွေထံက ဘရင်းဂန်းအလက် ၂၀၀ ရလိုက်တဲ့ ဂဠုန်ဦးစောလိုပဲ အာဏာငန်းဖမ်းနေတဲ့ ဦးနုရဲ့ ပြည်သူကို လိမ်ညာလှည့်ဖြားလိုက်တဲ့ လှည့်ကွက်တခုပါပဲ။ ဒါပေမယ့် သင်္ဘောတစီးစာ လက်နက်တွေ အိန္ဒိယကနေ ဦးနု ရလိုက်တာဟာ ဗြိတိသျှတွေထံက ဦးစော ရလိုက်တာထက် အများကြီးပိုပါတယ်။  တချိန်တည်းမှာပဲ ဦးနုဟာ ဗိုလ်ချုပ်နေဝင်းနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းထားခဲ့တယ်။ အပိုင်း (၁၂) ဆက်ရန် ...... မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024