DVB Logo
Home
မြန်မာသတင်း
အမျိုး​သမီး​တဦး​အား​ ထိုး​ကြိတ်ခဲ့​သူများ​ အ​ရေး​ယူမခံရ​သေး
DVB
·
April 25, 2012
Donate to DVB

ပဲခူး​တိုင်း​ ​ဝေါမြို့​နယ်မှာ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ရဲ့​ သား​ အပါအဝင် အမျိုး​သား​ ၃ ဦး​က အမျိုး​သမီး​တဦး​ကို ထိုး​ကြိတ်မှု ရဲစခန်း​မှာ အမှုဖွင့်​တာ တပတ်ကြာ​ပေမယ့်​ အ​ရေး​ယူခြင်း​ မရှိဘူး​လို့​ ထိုး​ကြိတ်ခံရတဲ့​ အမျိုး​သမီး​က ​ပြောပါတယ်။

သင်္ကြန်တွင်း​ ဧပြီ ၁၆ ရက် မွန်း​လွဲပိုင်း​က ​ဝေါမြို့​နယ် သင်္ကြန်မဏ္ဍပ်တခု​ရှေ့​ လူမြင်ကွင်း​မှာ သူငယ်ချင်း​တွေနဲ့​ စကား​ပြော​နေတုန်း​ ဝင်​ရောက် ထိုး​ကြိတ်ခံခဲ့​ရတယ်လို့​ ကာယကံရှင်ဖြစ်သူ အသက် ၂၁ နှစ်အရွယ် မနှင်း​လပြည့်​ဝန်း​က ​ပြောပါတယ်။

“သမီး​တို့​ သူငယ်ချင်း​တွေ ​ရေကစား​မဏ္ဍပ်မှာ စကား​ရပ်​ပြော​နေချိန်မှာ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ရဲ့​ သား​ ထွန်း​စိန်ဝင်း​၊​ သူ့​ယောက်ဖ ​ကျော်လင်း​နဲ့​ သူ့​ရုံး​စာ​ရေး​ ချမ်း​မင်း​ဇော်တို့​က သမီး​တို့​ကို အ​ကြောင်း​မဲ့​ ဝင်​ရောက် ထိုး​ကြိတ်တယ်။ မျက်နှာ​တွေကိုထိုး​တာ ​ပေါက်ပြဲကုန်ပြီး​ မျက်မှန်လည်း​ကွဲသွား​တယ်။ အင်္ကျီကြယ်သီး​တွေလည်း​ ပွင့်​ထွက်သွား​တယ်။ ရင်ဘတ်ကိုလည်း​ ထိုး​တယ်။ အင်္ကျီလည်း​ ပြဲသွား​တယ်။ ထိုး​ကြိတ်ပြီး​တော့​ သမီး​က​မေ့​သွား​ပြီး​ ​ဆေး​ရုံ​ရောက်သွား​တယ်။”

ထိုး​ကြိတ်ချိန်မှာ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​နဲ့​ သူ့​ဇနီး​ မြို့​နယ် အမျိုး​သမီး​ရေး​ရာအဖွဲ့​ချုပ်ဥက္ကဋ္ဌတို့​ နှစ်ဦး​စလုံး​ မဏ္ဍပ်တွင်း​မှာ ရှိ​နေပါတယ်လို့​ သူက ​ပြောပါတယ်။

“မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ ဦး​မောင်​မောင်​လေး​နဲ့​ သူ့​မိန်း​မ သီတာဝင်း​ကလည်း​ အမျိုး​သမီး​ရေး​ရာ ဥက္ကဋ္ဌ။ ဘာမှ​ဆောင်ရွက်​ပေး​ခြင်း​ မရှိဘူး​။ ဖြစ်​နေတဲ့​အချိန်လည်း​ မလာဘူး​။ ​ဆေး​ရုံ​ရောက်​တော့​လည်း​ မလာဘူး​။ အိမ်လည်း​သိလျက်နဲ့​ မလာဘူး​။ ဖုန်း​နဲ့​လည်း​ မလာဘူး​။”

ဝင်​ရောက် ထိုး​ကြိတ်သူ​တွေဟာ မူး​နေပြီး​ အရင်တုန်း​ကလည်း​ အသိအကျွမ်း​ မရှိခဲ့​ဖူး​ဘူး​လို့​လည်း​ ဆိုပါတယ်။

မျက်နှာနဲ့​ ရင်ဘတ်​တွေကို ထိုး​ကြိတ်တဲ့​ဒဏ်​ကြောင့်​ မျက်မှန်ကွဲ​ကြေပြီး​ သတိလစ်​မေ့​မြောခဲ့​တဲ့​ သူမကို သူငယ်ချင်း​တွေက ​ဝေါမြို့​နယ်​ဆေး​ရုံကို ပို့​ဆောင်ခဲ့​ပါတယ်။ ​ဝေါမြို့​နယ်​ဆေး​ရုံအုပ်က ပဲခူး​ဆေး​ရုံကို လွှဲစာ​ပေး​လို့​ ပဲခူး​ဆေး​ရုံကို သွား​ရောက်ကုသပြီး​ တညအိပ်ခဲ့​ရပါတယ်။

“​ဆေး​ရုံ​ရောက်​တော့​လည်း​ ​ဆေး​ရုံက ဆရာဝန်ကြီး​က မျက်နှာလွှဲခဲပစ်၊​ လာလည်း​ မကြည့်​ဘူး​။ ​ဆေး​တလုံး​ထိုး​ပေး​ပြီး​တော့​ ကျမနာမည်ပို့​ပြီး​တော့​ သမီး​ကို မကြာဘူး​။ ပဲခူး​ဆေး​ရုံကို လွှဲစာ​ပေး​တယ်။ အဲဒီအချိန်မှာ သူငယ်ချင်း​တွေက ​သေ​လောက်​အောင်ဖြစ်တဲ့​ ​ရောဂါမဟုတ်ဘဲနဲ့​ ဘာလို့​ပဲခူး​ကို လွှဲစာ​ပေး​ရတာလဲ ​မေး​တော့​ ​ဆေး​ရုံအုပ်ကြီး​က မင်း​တို့​နဲ့​ ဥက္ကဋ္ဌကြား​မှာ ငါဝင်မပါချင်လို့​ဆိုပြီး​ ​ခေါင်း​ရှောင်တယ်​လေ။”

ကာကယံရှင်အမျိုး​သမီး​က ဒီကိစ္စကို ​ဝေါမြို့​နယ်ရဲစခန်း​မှာ ဧပြီ ၁၉ ရက်က အမျိုး​သမီး​ကာယအိ​နြေ္ဒပျက်ပြား​မှု၊​ ကိုယ်ထိလက်​ရောက်ကျူး​လွန်မှု​တွေနဲ့​ အမှုဖွင့်​ခဲ့​ပါတယ်။ ရဲက သက်​သေ​တွေကို စစ်​ဆေး​ပေမယ့်​ ထိုး​ကြိတ်သူ ၃ဦး​ကို ဒီ​နေ့​ထက်ထိ အ​ရေး​ယူခြင်း​ မရှိ​သေး​တဲ့​အတွက် မနှင်း​လပြည့်​ဝန်း​က မ​ကျေမနပ် ဖြစ်​နေတာပါ။

“အမှုကိုလက်ခံတယ်။ ခုချိန်ထိ တရား​ခံ​တွေကို ဖမ်း​ဆီး​ခြင်း​ မရှိ​သေး​ဘူး​။ တရား​ခံ​တွေက ဒီတိုင်း​ပဲ သွား​လာ​နေတုန်း​ပဲ၊​ သူတို့​အမှုကို အချိန်ဆွဲ​နေသလိုပဲ။ မိန်း​က​လေး​မှန်း​ သိလျက်နဲ့​ တမင်တကာလည်း​ထိုး​တယ်။ လူပုံအလယ်ထဲမှာ အရှက်တကွဲ အကျိုး​နည်း​ဖြစ်ခဲ့​ရတယ်။ သူတို့​ကို တရား​ဥပ​ဒေအတိုင်း​ လုပ်ချင်တယ်။ အုပ်ချုပ်​ရေး​မှူး​ကလည်း​ သူတို့​သား​ကိစ္စကို အမှုလုပ်မှာ​ကြောက်လို့​ တိုး​တိုး​တိတ်တိတ် လိုက်ပိတ်ခိုင်း​တယ်။”

သူမဟာ ​ဆေး​ရုံစရိတ် ကိုယ့်​ဘာသာကျခံရပြီး​ ကျူး​လွန်သူ​တွေဘက်က​တော့​ သတင်း​လည်း​မ​မေး​၊​ ​ဆေး​ဖိုး​လည်း​ မ​ပေး​ဘဲ အမှု​ကျေ​အေး​ပေး​ဖို့​သာ လာ​ရောက်ညှိနှိုင်း​နေတာ ၃ ကြိမ်ရှိပြီလို့​ မနှင်း​လပြည့်​ဝန်း​က ​ပြောပါတယ်။

အမျိုး​သမီး​တဦး​ နစ်နာတဲ့​ကိစ္စကို တရား​လွှတ်​တော်​ရှေ့​နေ ​ဒေါ်နှင်း​ဝင်း​အောင်က လိုက်ပါကူညီဖို့​ရှိပြီး​ ရဲစခန်း​က အမှုကို တရား​ရုံး​ လွှဲ​ပြောင်း​တာ ​စောင့်​ဆိုင်း​နေပါတယ်။

အခုလို အမှုကြန့်​ကြာတာဟာ သာမန်ဖြစ်ရိုး​ဖြစ်စဉ် မဟုတ်ဘူး​လို့​ သူထင်မြင်တဲ့​အ​ကြောင်း​နဲ့​ လိုက်ပါ ကူညီ​ဆောင်ရွက်သွား​မယ်လို့​ ​ရှေ့​နေ ​ဒေါ်နှင်း​ဝင်း​အောင်က ​ပြောပါတယ်။

“အမှန်တကယ် ဥပ​ဒေအတိုင်း​ သွား​မယ်ဆိုရင် သူတို့​အမှုဖွင့်​တာနဲ့​ တရား​လိုပြ သက်​သေ၊​ အခင်း​ဖြစ်ချိန်မှာရှိတဲ့​ သက်​သေကိုစစ်၊​ စစ်ပြီး​ပြီဆိုရင် သူတို့​ ရဲအ​နေနဲ့​ ဘာလုပ်ရမလည်း​ဆို​တော့​ ပုံမှန်ဆိုရင် တရား​ခံကို ဖမ်း​ရမယ်။ ဖမ်း​ပြီး​မှ အာမခံနဲ့​ ခံဝန်နဲ့​ ရဲစခန်း​က​နေ ခံဝန်နဲ့​ အပြင်မှာထား​လို့​ရတယ်။ အုပ်ချုပ်​ရေး​မှူး​နဲ့​ ပတ်သက်​တော့​ မလုပ်ဖူး​လို့​ ကျမအ​နေနဲ့​မြင်တာ​ပေါ့​။ တခြား​ဖြစ်ရိုး​ဖြစ်စဉ်၊​ တခြား​အမှု​တွေဆို သူတို့​လုပ်တာပဲ​လေ။ သာမန်ပြည်သူ​တွေဆို သူတို့​လုပ်တာပဲ​လေ။”

ဒီအမှုနဲ့​ ပတ်သက်လို့​ ​ဝေါမြို့​ ရဲစခန်း​ကို ​မေး​မြန်း​ဖို့​ အကြိမ်ကြိမ် ဆက်သွယ်​ပေမယ့်​ မရပါဘူး​။

မနှင်း​လပြည့်​ဝန်း​တို့​ဘက်က​တော့​ ဒီကိစ္စကို ရဲကအ​ရေး​မယူရင်​တော့​ မြန်မာနိုင်ငံ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ကော်မရှင်ဆီ တင်ပြ တိုင်တန်း​မယ်လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013