အမေရိကန်-ထိုင်း ရွှေမြွေဟောက်စစ်ရေးလေကျင့်မှု မြန်မာကို ဖိတ်ကြား
DVB
·
December 25, 2017
အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ လာမယ့်နှစ် ပူးတွဲပြုလုပ်မယ့် Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်ပွဲကို လေ့လာသူအဖြစ် တက်ရောက်ဖို့ မြန်မာတပ်မတော်ကို ဖိတ်ကြားလိုက်တယ်လို့ သိရပါတယ်။
အမေရိကန်နဲ့ ထိုင်းအပြင် တခြားအာရှနိုင်ငံတွေက စစ်သည် ထောင်ပေါင်းများစွာ ပါဝင်ဆင်နွဲလေ့ရှိတဲ့ နှစ်စဉ်ကျင်းပနေကြ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်ပွဲကို မြန်မာနိုင်ငံမှ ပါဝင်ဖို့ ထိုင်းနိုင်ငံက ဖိတ်ကြားခဲ့တာလို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ပြောခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး ခရစ္စတိုဖာလိုဂန်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
မြန်မာ့တပ်မတော်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနဲ့ အရေးပေါ် ကပ်ဆိုက်မှု ကယ်ဆယ်ရေး လေ့ကျင့်ပွဲတွေ လာရောက်လေ့လာဖို့အတွက် ဖိတ်ကြားထားတာဖြစ်ကြောင်း လိုဂန်က ပြောခဲ့တာပါ။
အခု ဖိတ်ကြားမှုကို မြန်မာ့တပ်မတော်က လက်ခံပြီလား၊ လက်မခံဘူးလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ထိုင်းဘုရင့်တပ်မတော်ရဲ့ အကြီးတန်းအရာရှိကလည်း ပြောပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံဘက်ကတော့ ဒီစစ်ရေးလေ့ကျင့်မှုကို မြန်မာတပ်မတော်ဘက်က လာရောက်ပူးပေါင်း လေ့ကျင့်ဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။