မြစ်ကြီးနားမြို့ ဗုံးပေါက်ကွဲမှုကြောင့် ၃ ဦး ဒဏ်ရာရ
နော်နိုရင်း
·
April 25, 2012
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီမနက်က ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး ၃ ဦး ဒဏ်ရာရှိသွားပါတယ်။
မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံထောင့်က ယာဉ်ထိန်းရဲကင်း အနီးမှာ ဒီမနက် ၇ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရသွားတာလို့ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံက အတည်ပြုပါတယ်။
“၃ ယောက် ဆေးရုံတင်ထားတယ်ဗျ။ ဒဏ်ရာက ဆိုးဆိုးဝါးဝါးကြီး မဟုတ်ပါဘူး။ လက်နဲ့ခြေထောက်တွေ ထိသွားတာ။ ခွဲစိပ်ဆောင်မှာ တင်ထားပါတယ်။”
ဒီပေါက်ကွဲမှုဟာ ဘယ်လို ဗုံးအမျိုးအစားနဲ့ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက် ဖြစ်တယ်ဆိုတာကို ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အခုလ ၁၄ ရက်နေ့တန်းကလည်း မြစ်ကြီးနားမှာ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီပေါက်ကွဲမှုတွေမှာ ထိခိုက်သေဆုံးတာ မရှိခဲ့ပါဘူး။