DVB Logo
Home
မြန်မာသတင်း
ဇေကမ္ဘာက လယ်ကန်သင်း​ကို ​မြေထိုး​စက်ဖြင့်​ ထိုး
DVB
·
April 24, 2012
ဇေကမ္ဘာက လယ်ကန်သင်း​ကို ​မြေထိုး​စက်ဖြင့်​ ထိုး
1 / 2
Donate to DVB

ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်တိုင်း​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာ လယ်သမား​တွေရဲ့​ လယ်ကန်သင်း​တွေကို ​မြေထိုး​စက်နဲ့​ ဝင်​ရောက် ထိုး​ချေ​နေတယ်လို့​ လယ်သမား​တွေက ​ပြောပါတယ်။

[caption id="attachment_13350" align="alignleft" width="300" caption="ဦးနေမျိုးဝေ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]

ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်တိုင်း​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာ လယ်သမား​တွေရဲ့​ လယ်ကန်သင်း​တွေကို ဧပြီ ၂၄ ရက်​နေ့​ မနက်ပိုင်း​ကစပြီး​ ​မြေထိုး​စက်တစီး​နဲ့​ ဝင်​ရောက် ထိုး​ချေ​နေတာ​ကြောင့်​ လာမယ့်​ရာသီမှာ လယ်စိုက်ဖို့​ အခက်အခဲ ကြုံရ​တော့​မယ်လို့​ လယ်သမား​ကြီး​ ဦး​အောင်ချစ်က ​ပြောပါတယ်။

“မ​နေ့​က​တော့​ လယ်သမား​တွေက ပျိုး​ခင်း​ကွက်​တွေက နှစ်တိုင်း​ ပျိုး​ထောင်ရင်​တော့​ ပျိုး​ခင်း​ကွက်ကို မီး​ရှို့​တယ်၊​ မရှို့​ရင်​တော့​ ပျိုး​နုတ်မသွား​ဘူး​။ အဲဒါ​ကြောင့်​ လယ်သမား​တွေက ရှို့​တယ်။ ပျိုး​ခင်း​ကွက်ကို သူလာတား​တယ်​ပေါ့​။ အခုက​တော့​ ကန်သင်း​တွေအား​လုံး​ကိုလည်း​ မနက်က ဘူဒိုဇာနဲ့​ စထိုး​နေပြီ။ ​ဇေကမ္ဘာ ကုမ္ပဏီက​ပေါ့​။”

လယ်သမား​ကြီး​ ဦး​လံခြား​ကလည်း​ “ဒီမနက် ၉ နာရီက ဘူဒိုဇာနဲ့​ ကန်သင်း​တွေအား​လုံး​ သူထိုး​နေတယ်။ လယ်လုပ်ဖို့​က ဘယ်လိုဆက်လုပ်ရမလဲ မသိ​တော့​ဘူး​။ ရပ်ကွက်လူကြီး​လည်း​ သူ​ပြော​ပေး​မယ် ​ပြောတယ်။ သူမ​ပြောဘူး​ဆိုရင်​တော့​ လယ်သမား​တွေကလည်း​ ဒီတိုင်း​နေလို့​ မဖြစ်​တော့​ဘူး​။ လူစုပြီး​တော့​ လုပ်ကြမှာပါ။ ဘာထူး​မလဲ၊​ ထမင်း​ငတ်လည်း​ တူတူပဲ၊​ ​သေချင်လည်း​ ​သေပါ​စေ​တော့​” လို့​ ​ပြောပါတယ်။

လွန်ခဲ့​တဲ့​ ၂၀၁၀ ခုနှစ်ပိုင်း​က အစိုး​ရက ​ရွှေနံ့​သာ​ကျေး​ရွာစုက လယ်သမား​တွေရဲ့​ ​မြေ​တွေကို သိမ်း​မယ်ဆိုတဲ့​သတင်း​ ထွက်ခဲ့​ပါတယ်။ ဒီ​နောက်မှာ ဦး​ခင်​ရွှေပိုင် ​ဇေကမ္ဘာကုမ္ပဏီဟာ ၂၀၁၂ ဧပြီလက လယ်သမား​တွေ လုပ်​နေတဲ့​ လယ်​မြေ ၈၁၅ ဧကကို ၁ ဧက ကျပ် ၃ သိန်း​နှုန်း​နဲ့​ ကရုဏာ​ကြေး​အဖြစ် ​ပေး​ပြီး​ စက်မှုဇုန် အ​ကောင်အထည် ​ဖော်​နေတာ ဖြစ်ပါတယ်။ သူတို့​ကုမ္ပဏီကို​ပေး​ရင် ​ငွေလည်း​ပေး​မယ့်​အပြင် လယ်လည်း​ ဆက်စိုက်ခွင့်​ပေး​မယ်လို့​ ​ပြောဆိုတာ​ကြောင့်​ လယ်သမား​တွေက အစိုး​ရက သိမ်း​လို့​ ဆုံး​မယ့်​ အတူတူ ​ငွေလက်ခံရယူခဲ့​ပါတယ်။

ဒီ​နောက်မှာ အဲဒီ​မြေယာ​တွေ​ပေါ်မှာ စပါး​စိုက်ခွင့်​ကို ကန့်​သတ်လာတဲ့​အတွက် လယ်သမား​တွေက တိုင်ကြား​ရာမှာ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​က လယ်​မြေ​ပေါ်မှာ စက်မှုဇုန် တည်​ဆောက်ခွင့်​ မရှိတာ​ကြောင့်​ ရပ်နား​ထား​ဖို့​ ထုတ်ဆင့်​ခဲ့​ပါတယ်။

အဲဒီအဖြစ်အပျက်​တွေ ပြီး​တဲ့​နောက် ​ဇေကမ္ဘာကုမ္ပဏီနဲ့​ လယ်သမား​တွေ အကြား​ ၁ ဧကကို သိန်း​ ၅၀ နှုန်း​နဲ့​ ​လျော်​ပေး​မယ်ဆိုရင် အမှုအခင်း​ မလုပ်ပါဘူး​ ဆိုတာကို ညှိနှိုင်း​ခဲ့​ကြပြီး​ သ​ဘောတူညီမှု ရခဲ့​ကြပါတယ်။ ဒါ​ပေမယ့်​ လယ်သမား​တဦး​က အဲသလိုကျိတ်ပြီး​ သ​ဘောတူတဲ့​ကိစ္စကို ပြည်တွင်း​ မီဒီယာတခုမှာ ထုတ်​ပြောလိုက်တာ​ကြောင့်​ အဲဒီကာလ ဥပ​ဒေအရ ကြား​ဝင် ​ဆောင်ရွက်သူ​တွေပါ တာဝန်မကင်း​တာ​ကြောင့်​ တဧက သိန်း​ ၅၀ ​ပေး​ဖို့​ကိစ္စ မဖြစ်​တော့​ဘဲ ရပ်နား​ခဲ့​ပါတယ်။

လယ်သမား​တွေကို ကူညီ​နေတဲ့​ မတူကွဲပြား​ခြင်း​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက အဲဒီတုန်း​က ​ရွှေနံ့​သာလယ်သမား​ကိစ္စကို ကိုယ်စား​လှယ် လွှဲစာပြန်အပ်ခဲ့​ပြီး​ အခု​တော့​ လယ်သမား​တွေဘက်က လိုက်ပါ​ဆောင်ရွက် သွား​မယ်လို့​ ​ပြောပါတယ်။

“လယ်ယာ​မြေ ဥပ​ဒေအ​ဟောင်း​တွေက ဒီလူ​တွေလုပ်တာ မညီညွတ်ပါဘူး​။ ၁၉၅၃ ခုနှစ် ဥပ​ဒေအ​ဟောင်း​တွေကတည်း​က၊​ ၁၉၆၃ သီး​စား​ချထား​ရေး​ ဥပ​ဒေ​တွေထဲက ​ဇေကမ္ဘာကုမ္ပဏီကို ​ပေး​လို့​ မရပါဘူး​။ ​ဒေသခံ အဆင်း​ရဲဆုံး​လူကို တန်း​စီဇယား​လုပ်ပြီး​ ​ပေး​ရမှာပါ။ အဲဒီဥပ​ဒေနဲ့​သူတို့​မညီပါဘူး​။ ဒီဘက်ဥပ​ဒေအသစ် ထွက်လာ​တော့​လည်း​ စီမံကိန်း​လို့​ပြောတယ်။ တကယ်က စီမံကိန်း​လည်း​ မဟုတ်ပါဘူး​။ အကယ်၍ စီမံကိန်း​ဖြစ်ရင်​တောင် သတ်မှတ်ကာလအတွင်း​မှာ ပြည့်​စုံ​အောင် အ​ကောင်အထည်​ဖော်​ဆောင်နိုင်ခြင်း​ မရှိဘူး​ဆိုရင် မူလလက်ငုတ် ​တောင်သူလယ်သမား​တွေကို ပြန်​ပေး​ရမယ်လို့​ ပါပါတယ်။ အခုလိုအပ်ရင် လိုအပ်သလို တရား​စွဲတာတို့​ လိုအပ်တဲ့​ အဖွဲ့​အစည်း​တွေနဲ့​ ပြန်လုပ်ပါမယ်။”

ရွှေနံ့​သာ​ကျေး​ရွာအုပ်စုမှာ ​ဇေကမ္ဘာစက်မှုဇုန် အပိုင်း​ ၄ ကို ရပ်ဆိုင်း​ထား​ဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​အစိုး​ရက မနှစ် နှစ်ကုန်ပိုင်း​ကတည်း​က ညွှန်ကြား​ထား​ပေမယ့်​ အုတ်ကား​၊​ သဲကား​နဲ့​ ​ကျောက်ကား​တွေကို​တော့​ ဆက်လက် ပို့​ဆောင်​နေဆဲ ဖြစ်တယ်လို့​ လယ်သမား​တွေက ​ပြောပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013