Home မြန်မာသတင်း စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်သည့် လယ်သမားများ တရာစွဲခံရနိုင်
စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်သည့် လယ်သမားများ တရာစွဲခံရနိုင်
နော်နိုရင်း
·
April 24, 2012
farmer ၂၀၁၁ ခုနှစ်က ချေးယူထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေကို ပြန်မဆပ်ရင် အရေးယူမယ်လို့ စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးတဲ့ မြန်မာစိုက်ပျိုးရေးဘဏ်က စာထုတ်ပြန်လာတဲ့အတွက် လယ်သမားတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
ပဲခူးတိုင်း သနပ်ပင်နဲ့ မင်းလှမြို့နယ်တွေမှာ စိုက်ပျိုးစရိတ်ချေးငွေကို မဖြစ်မနေ ပြန်ဆပ်ဖို့ ပြန်မဆပ်ရင် အရေးယူမယ်ဆိုတဲ့ စာတွေကို မြို့နယ်အာဏာပိုင်တွေက လိုက်ကပ်တဲ့အတွက် လယ်သမားတွေ စိုးရိမ် ထိတ်လန့်နေကြတယ်လို့ သနပ်ပင်မြို့နယ် လယ်သမားတဦးက ပြောပါတယ်။
“တောင်သူလယ်သမားတွေ မိမိတို့ချေးထားတဲ့ ဘဏ်ချေးငွေများ အမြန်ဆုံးပေးဆပ်ကြဖို့ အကြောင်းကြားအပ်ပါသည်။ တောင်သူလယ်သမားများကို တရားဥပဒေအရ ၃ ရက် ၄ လ ၂၀၁၂ တွင် တရားဥပဒေအရ သတင်းစာမှ ကြေညာထားပါသည်။ သတင်းစာပါအတိုင်း ဥပဒေဖြင့် တောင်သူလယ်သမားများမှ ငွေထုတ်ချေးထားသည့် စာရင်းကို ကြွေးမဆပ်ပါက သနပ်ပင်မြို့နယ် လယ်ယာစိုက်ပျိုးဖွံ့ဖြိုးရေးဘဏ်မှ ဥပဒေအရ တရားစွဲဆိုပါမည်ဟု ကြေညာအပ်ပါသည်။ အဲဒီအတိုင်းရေးထားတယ်။ မနေ့ညကနေ ကျနော်တို့ရွာမှာ လိုက်ကပ်သွားတယ်။”
ပြီးခဲ့တဲ့ ၂၀၁၁ မှာ ချေးငွေတွေ မဖြစ်မနေ ပြန်ဆပ်ဖို့ မြန်မာ့စိုက်ပျိုးရေးဘဏ်က ပြန်လည် တောင်းခံပေမယ့် ပြီးခဲ့တဲ့ နှစ်မှာ ရာသီဥတု ဖောက်ပြန်မှု၊ မြေဩဇာဈေးကြီးမြင့်မှု၊ သီးနှံဈေးနှုန်း ကျဆင်းမှုတွေကြောင့် လယ်သမားတွေ ချေးငွေပြန်မဆပ်နိုင် ဖြစ်နေကြရတယ်လို့ သနပ်ပင်မြို့နယ်က လယ်သမားက ပြောပါတယ်။
လက်ရှိကာလက ကုန်ကျစရိတ်တွေအရဆို လယ် ၁ ဧကကို စိုက်စရိတ် ၁ သိန်းခွဲလောက် ကျသင့်ပေမယ့် ဘဏ်တွေက ၂ သောင်းသာ ထုတ်ချေးပါတယ်။
ဒါကြောင့် ငွေလိုတဲ့ လယ်သမားဟာ အပြင်ကနေ အတိုးနှုန်းကြီးကြီးနဲ့ ချေးယူ စိုက်ပျိုးရပါတယ်။ လက်ရှိမှာ အပြင်က အတိုးကိုပြန်ဆပ်နေရပြီး ပြန်မဆပ်နိုင်လို့ လယ်သိမ်းမယ်လို့ ခြိမ်းခြောက်ခံနေရတဲ့အပြင် နိုင်ငံတော်က ထုတ်ချေးပေးတဲ့ ငွေကိုပေးဆပ်ဖို့ မဖြစ်မနေတောင်းခံတဲ့အတွက် အခက်အခဲဖြစ်ရပုံကိုလည်း လယ်သမားကြီး ဦးခင်ကျော်က အခုလို ရှင်းပြပါတယ်။
“လယ်ယာမြေကလည်း စပါးကမရ၊ မိုးလေးက တခါကျဲလေ တခါရေကြီးဆိုတော့ နွေစပါးလည်း ပိုးကျ။ ၁ ဧကကို ၂ သောင်းနှုန်းနဲ့ပေးတယ်။ ကျနော်တို့ကိုပေးတော့ ၉ ဧကဖိုးပဲ ပေးတယ်။ ပြန်ဆပ်ရတော့ ၁၀ ဧကဖိုးကို အရင်း ၂ သိန်း၊ အတိုးနဲ့ဆပ်ရတယ်။ ကျနော်တို့က တော်တော်နစ်နာပါတယ်။ မရှိလို့ အတိုးနဲ့ယူတော့ အတိုးပေးစားတဲ့ သူဌေးတွေက ကျနော်တို့ကို တရားစွဲဆိုတယ်။ တရားစွဲတော့ ကျွဲ၊ နွားတွေကို ရောင်းဆပ်ရတာ၊ လက်ရှိ စားစရာကို မရှိဘူး။”
ဒီလို အလားတူ ပြဿနာမျိုး မကွေးတိုင်း၊ ဧရာဝတီတိုင်းက လယ်သမားတွေမှာ ဖြစ်နေပြီး တောင်သူလယ်သမားတွေအနေနဲ့ ၂၀၁၂ မှ အရစ်ကျ ပြန်ဆပ်ဖို့ တောင်သူတွေ သမ္မတဆီကို စာရေးတောင်းမှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် တစုံတရာ အဖြေမရလာဘဲ အခုလို တရားစွဲဆိုခံရမယ့် အနေအထား ရောက်နေကြရတာလို့ လယ်သမားတွေက ပြောပါတယ်။
ဆက်စပ်သတင်းများ