Home မြန်မာသတင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်က ကြိုဆိုဟု ဦးသိန်းစိန် ပြောကြား
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်က ကြိုဆိုဟု ဦးသိန်းစိန် ပြောကြား
thein sein in tokyo နေပြည်တော်မှာ ပြန်လည်စတင်နေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်သစ်တွေ မတက်ရောက်ပေမယ့် သမ္မတ ဦးသိန်းစိန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်က ကြိုဆိုနေတယ်လို့ ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ကို တိုကျိုမြို့မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်ရောက်လို့ မရတဲ့အခြေအနေ ဖြစ်ပေါ်နေတဲ့ အကြောင်း၊ ဘယ်အချိန်မှာ ဝင်ခွင့်ရနိုင်မလဲလို့ မေးမြန်းရာမှာ သမ္မတ ဦးသိန်းစိန်က “ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ဝင်မလာတာ သူ့ရဲ့ သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကိုကြိုဆိုနေပါတယ်”လို့ ဖြေကြားခဲ့တာပါ။
ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ပေးဖို့ တောင်းဆိုထားတဲ့ ကျမ်းကျိန်စာသားကို သမ္မတ ဦးသိန်းစိန်က မပြင်ပေးနိုင်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့အကြောင်း အေအက်ဖ်ပီသတင်းနဲ့ ကျိုဒို သတင်းတွေမှာ ရေးပါတယ်။
ဒါပေမယ့် ဒီသတင်းဟာ မှန်ကန်မှုမရှိဘူးလို့ သမ္မတဦးသိန်းစိန်က ကျိုဒိုသတင်းဌာနရဲ့ တာဝန်ရှိသူတွေကို တွေ့ဆုံပြောခဲ့တယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ သမ္မတဦးသိန်းစိန် တကယ်ပြောကြားခဲ့ခြင်းရှိ မရှိ ဒီဗွီဘီက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဂျပန်ရောက် ဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ သမ္မတရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မကျေနပ်လို့ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးကို သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။ တိုကျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ လူ ၁၀၀ လောက် ပါဝင် ဆန္ဒပြခဲ့ကြပြီး အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေတဲ့နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့လည်း မြန်မာအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
ဆက်စပ်သတင်းများ