ပြန်ကြားရေးဝန်ကြီးဌာနမှသည် မြို့နယ်ကျေးလက်ဒေသများဆီသို့

1.6K
မြန်မာတပြည်လုံးရှိ ၃၃၀ သော မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွေမှာ ရှိပြီးသား စာကြည့်တိုက်တွေအပြင် Community Center တွေဖွင့်ပြီး နိုင်ငံခြားက ကလေးစာကြည့်တိုက်တွေလို ကလေးကစားကွင်းတွေ၊ လူငယ်တွေအတွက် Youth Center တွေဖွင့်၊ စားပွဲတင် တင်းနစ်၊ ခြင်းလုံး စတဲ့ အားကစားတွေ၊ ကျပန်းစကားပြောပြိုင်ပွဲတွေလုပ်ဖို့ ကြိုးစားနေတယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။
RFA သတင်းဌာနနဲ့ အင်တာဗျူးမှာပြောသွားတာ ဖြစ်ပြီး လွှတ်တော်အမတ်တွေနဲ့ ဒေသဆိုင်ရာ ပြည်သူတွေ မိမိတို့ဒေသအကျိုးအတွက် တွေ့ဆုံတဲ့ နေရာကိုလည်း မြို့နယ် ပြန်ဆက်ရုံးမှာ ကျင်းပလို့ရအောင် စီစဉ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး မေလထုတ် နဝဒေးမဂ္ဂဇင်းမှာ ဆရာကြီးမောင်ထင် ရေးသွားတဲ့ “မှားတာနော် စာစီကုံးရရင်” ဆောင်းပါးထဲက စာသားတချို့ကို ပြန်လည်ဖော်ပြပါရစေ။
“ကျနော်တို့က လုပ်ငန်းတခုကို ကိုယ်ထိလက်ရောက် မလုပ်နိုင်သေးခင် ဝါဒက အရင်ဖြန့်ချင်တဲ့သဘော ရှိပါတယ်။ ထိုအကျင့်တွေကြောင့် နောင်အခါ ဘာစီမံကိန်းပဲ လုပ်လုပ် ဝါဒဖြန့်ခြင်းက ရှေ့သို့ အလံတရာလောက် ရောက်နေပြီး လုပ်ငန်းတွေကမူ နောက် မိုင်တရာလောက်မှာ ပြတ်၍ ကျန်နေခဲ့ပါတယ်” ဆိုတဲ့ စာသားပါပဲ။
ဆရာဖေမြင့် လုပ်ငန်းစီမံချက်တွေကို အားရပါတယ်။ သို့သော် လက်ရှိ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွေရဲ့ လှုပ်ရှားဆောင်ရွက်မှု အနေအထားကို အောက်ခြေအထိ အရင်လေ့လာသုံးသပ်စေချင်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာ မြန်မာ ပြည်သူလူထုက သတင်းမီဒီယာနဲ့ စာအုပ်ပုံနှိပ်ဝေခြင်းဆိုတာကိုပဲ ပြေးမြင်မိကြပါတယ်။ မြို့နယ်အလိုက် စာပေပွဲတော်ကျင်းပ ပေးတာတွေ၊ စာကြည့်တိုက်တွေ ဖွင့်လှစ်ပေးတာတွေ၊ စာပေလောက ဖွံ့ဖြိုး တိုးတက်စေဖို့နဲ့ လူတိုင်း စာပေဗဟုသုတ တိုးပွားစေဖို့ စတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်တဲ့ ဌာနအဖြစ် ဘယ်သူမှကို မမြင်ကြတော့ပါဘူး။
မ.ဆ.လခေတ်က မြို့နယ်ပြန်ဆက်ရုံးကို ရပ်ကွက်နေ ပြည်သူများ သွားသလောက်တောင် အခုခေတ် လူမရှိသလောက်ပါ။ ယခင်ခေတ်များက ဖျော်ဖြေမှု entertaiment တွေ နည်းနေသေးတော့ စာအုပ်တွေ သွားဖတ်ကြတယ်။ အဓိက ကတော့ အိမ်မှာ မဝယ်ကြည့်နိုင်တဲ့ မြန်မာ့အသံ ရုပ်မြင်သံကြားကို သွားကြည့်ကြတာပါ။
စာပေလုပ်သား၊ မြို့နယ် စာနယ်ဇင်းစာရေးဆရာများ ဆိုပြီး ဖွဲ့နိုင်ပါသေးတယ်။ ဒါတွေကလည်း မြို့ကြီးပြကြီးက မြို့နယ်ရုံးတွေမှာသာ လုပ်နိုင်တာပါ။ နယ်မြို့နယ်တွေ ကတော့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ဘာလုပ်ပေးတဲ့ ဌာနမှန်း မသိလိုက်ကြသူတွေ အများကြီးပါ။
ယခင် အစိုးရတွေလက်ထက်ကလည်း ရပ်ကွက်ကျေးရွာအုပ်စုအလိုက် စာကြည့်တိုက်တွေ မဖွင့်မနေရ ဖွင့်လာလိုက်တာ ၂ ပေ ၃ပေ ဗွီနိုင်း ဆိုင်းဘုတ်လေး ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရုံးရှေ့မှာထောင်၊ မြို့နယ်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူ တဦးနဲ့ ဌာနဆိုင်ရာ လူကြီးတချို့ လာကြပြီး ဖဲကြိုးတွေ ဘာတွေဖြတ် ဖွင့်လာလိုက်ကြ၊ လောကအလင်း၊ ဘဝ မီးအိမ်၊ အလင်းအိမ်၊ တိုးတက်ရေး၊ ရွှေပန်းတိုင်၊ သုခအလင်း စတဲ့ လှလိုက်တဲ့ စာကြည့်တိုက် အမည်တွေပါ။
ရုံးထဲ၊ စာကြည့်တိုက် ဝင်ကြည့်တော့ စစ်မှုထမ်းဟောင်းတွေ လိုက်ရောင်းထားတဲ့ စာအုပ်အချို့၊ နေ့စဉ်ထုတ် သတင်းစာ၊ လကုန်ရက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို လစာထုတ်ရင်း ရောင်းလိုက်တဲ့ တိုင်းဒေသကြီးထုတ် ဂျာနယ်၊ ဘောလုံး ဝါသနာပါတဲ့ အုပ်ချုပ်ရေးမှူးက ကိုယ်တိုင် ဝယ်ဖတ်ထားတဲ့ အားကစားဂျာနယ် ဒါတွေပဲ ရှိပါတယ်။
ဘာစာအုပ်မှ မရှိဘဲ တနိုင်ငံလုံးမှာ စာကြည့်တိုက်ပေါင်း ၁ သိန်းကျော် ဖွင့်လှစ်နိုင်ခဲ့ပြီ ဆိုတာတွေက ကျနော့်ငယ်ဆရာ ဦးလွင်ကြည် ပြောသလိုပါပဲ။ အရေအတွက်ပဲ ရှိတယ်၊ အရည်အချင်း မရှိဘူးလို့သာ ပြောလိုက်ချင်ပါတယ်။ အမှန်တကယ် လှုပ်ရှားနေတဲ့ စာကြည့်တိုက်တွေက စောစောက ၃၃၀ သော မြို့နယ်အလိုက် ပြန်ဆက်ရုံးလောက်တောင် အရေအတွက် မရှိပါဘူး။
နယ်တွေမှာ ပွဲလမ်းသဘင်ရှိလို့ သတင်းမီဒီယာတွေ သတင်းယူကြရင် ခင်ဗျား ဘယ်သတင်းဌာနကလည်း မေးရသေးပါတယ်။ နယ်တွေမှာက မှုခင်းသတင်းထောက်က များပြီး ပြန်ကြားရေးဌာနက သူတွေနဲ့ တလုံးလုံးဆိုတော့ တခါတလေ ဂျာနယ်တိုက် သတင်းထောက်လောက်တောင် မြို့နယ်ပြန်ကြားရေးသတင်းထောက်ကို မသိကြဘူး။ နိုင်ငံပိုင်သတင်းစာမှာ မြို့နယ်သတင်း ပါလာရင် မြို့နယ်ပြန်ဆက်က ပေးပို့တာ မဟုတ်ဘဲ အလွတ်တန်း သတင်းထောက်တွေက ပေးပို့တာပဲ တွေ့လာရပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က ကျနော် မြို့ကိုယ်ထူကိုယ်ထ စာကြည့်တိုက်ကနေပြီး စာပေဟောပြောပွဲ ကျင်းပဖို့ ကမကထ လုပ်ပါတယ်။ ကျနော်ကပဲ စကားရှည်ပြီး ဒါတွေက မြို့နယ်အုပ်ချုပ်ရေး ကျနော်တို့ တိုက်ရိုက် တင်ပြရမှာ မဟုတ်ဘူး။ မြို့နယ်ပြန်ကြားရေးကနေတဆင့် လုပ်ငန်းအဆင့်လိုက် လုပ်ရမှာလို့ အကြံပေးလို့ စာပေကျင်းပရေးကော်မတီက မြို့နယ်ပြန်ဆက်ရုံးကို စာတင်လိုက်ပါတယ်။
စာရေးဆရာတွေက ဆရာချစ်ဦးညို၊ ဆရာနေဝင်းမြင့်၊ ဆရာအကြည်တော်တို့ ဖြစ်ပါတယ်။ ဒီအချိန် စင်ကာပူ စာပေဟောပြောပွဲကလည်း တအားပေါက်နေချိန်ဆိုတော့ မြို့နယ်အုပ်ချုပ်ရေးက ခွင့်မပြုချင်ဘူး။ နိုင်ငံရေး ဟောတယ် ဘာညာဆိုပြီး မြို့နယ် ပြန်ဆက်က စာပေကျင်းပရေး ကော်မတီကို အကြောင်းကြားပါတယ်။
ဒါနဲ့ ကျနော်က မြို့နယ်ပြန်ကြားရေးဌာန ဦးစီးမှူးကို ပြောပါတယ်။ ဒီစာရေးဆရာတွေက ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးကနေ ခွင့်ပြုချက်နဲ့ ဝတ္ထု၊ ဆောင်းပါးတွေ ပေးဝေထုတ်နေတဲ့ စာရေးဆရာတွေပါ။
ဒါကြောင့် ဒီစာရေးဆရာတွေကို ဆရာတို့ ပြန်ကြားရေးဌာနကပဲ မြို့နယ်အုပ်ချုပ်ရေးဌာနကို ထောက်ခံခွင့်ပြုမိန့် တောင်းပေးပါဆိုတဲ့ စကားနဲ့တင် စာပေဟောပြောပွဲကြီး အောင်မြင်စွာ ပျက်သွားပါတယ်။
ဒါကြောင့် ဆရာဖေမြင့် ပြောတဲ့ လုပ်ငန်းစီမံချက်တွေကိုလည်း အကောင်အထည်ဖော်ပါ။ မြို့နယ် ပြန်ကြားရေးနှင့် ဆက်ဆံရေးရုံးတွေရဲ့ လှုပ်ရှားနေရတဲ့ အနေအထားတွေကို သေချာစိစစ်လေ့လာပေးပါ။ ကျနော် အကြံပြုပြောဆိုချင်တဲ့ အချက်အလက်အချို့ကို တင်ပြပါရစေ။
၁။ မြို့နယ်ပြန်ကြားရေးရုံးတွေကို မြို့နယ်အတွင်း သတင်းမီဒီယာ ကဏ္ဍအပြင် စာပေတိုးတက်ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာမြို့၊ ကျေးရွာက စာပေချစ်သူများ၊ တကယ် လက်တွေ့ လှုပ်ရှားနေသော ကိုယ်ထူကိုယ်ထ စာကြည့်တိုက်တွေနဲ့ ချိတ်ဆက်ပြီး စာပေကိစ္စရပ် အဝဝကို ကူညီပေးစေချင်ပါတယ်။ စာပေပွဲတော်တွေ ပူးပေါင်းကျင်းပပေးစေချင်ပါတယ်။
၂။ ပညာရေးဌာနက စာသင်ကျောင်းတွေမှာ စာကြည့်တိုက်တွေ ထားရှိဖို့ ညွှန်ကြားဆောင်ရွက်ခိုင်းနေပါပြီ။ ကျောင်းအသုံးစရိတ်တွေကို ကျောင်းသားဦးရေအလိုက် ငွေကြေးတွေ ပညာရေးဌာနက ချပေးနေပေမယ့် ကျေးရွာ ကျောင်းကော်မတီ အများစုက ငွေကြေးကို ကျောင်းရဲ့ ရုပ်ဝတ္ထုတိုးတက်ရေးကိုသာ ဦးစားပေးကြတာများလို့ ကျောင်းစာကြည့်တိုက်တွေမှာ ကျောင်းအုပ်က ငွေကြေးမဖြည့်နိုင်တော့ဘဲ ကလေးစာပေတွေစွာ လိုအပ်နေပါတယ်။ ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းက ပိုမိုအောင်မြင်နိုင်သလို တိုင်းပြည်ဘတ်ဂျက်ကိုလည်း ထိန်းသိမ်းဆောင်ရွက်ရာ ရောက်ပါတယ်။
၃။ အရင်ကလို အရေအတွက်သာဖြစ်တဲ့ e-library လို စာကြည့်တိုက်မျိုးတွေထက် တကယ် လက်တွေ့ ဆောင်ရွက်သင့်တာက နယ်မြို့နဲ့ ကျေးလက်ဒေသ၊ တောင်ပေါ် နယ်စပ်ဒေသတွေမှာ စာအုပ်စာပေ ရသမျိုးစုံ၊ တိုင်းရင်းသားစာပေ စတာတွေ ပါဝင်တဲ့ စာကြည့်တိုက်တွေ အရင်ဆုံး ဖွင့်လှစ်ပေးတာ၊ စာကြည့်တိုက်အဟောင်းတွေကို ပြုပြင်မွမ်းမံတာတွေ လုပ်သင့်ပါတယ်။
ဖဲကြိုးတွေဖြတ် မိုးပျံပူဖောင်းတွေ လွှတ်တင်ဖွင့်ပွဲတွေ လုပ်နေတာထက် တကယ် အရည်အချင်းရှိတဲ့ စာကြည့်တိုက်တွေ ဖွင့်လှစ်ပေးစေချင်တယ်။ အခြေခံကျကျ အလုပ်တွေကို အရင်ဆုံး လုပ်စေချင်ပါတယ်။
အချုပ်အားဖြင့် ဆိုရရင် ကိုယ်ပိုင်စာပေ ကိုယ်ပိုင်ယဉ်ကျေးမှု ရှိကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ စာပေယဉ်ကျေးမှု မပျောက်သွားရေး၊ စာပေဖတ်ရှုခြင်းမှသည် ထောင်သားတဦး လျော့ ဆိုသလိုမျိုး ဗဟုသုတ ရသစာပေမျိုးစုံ ထွန်းကားပြန့်ပွားလာရေး၊ ကလေးစာပေမှ လူကြီးစာပေအထိ စဉ်ဆက်မပျက် ဖြစ်ပေါ်လာရေးတို့ကို ပြည်သူ တင်မြှောက်တဲ့ လက်သန်းလေးတွေ မင်စိုခံ မဲပေးခဲ့တဲ့ ပြည်သူ့အစိုးရရဲ့ အစိတ်အပိုင်းတခုအဖြစ် ရပ်တည်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို မြို့နယ် ကျေးလက်ဒေသတွေ ကိုယ်စား ဝေဖန်အကြံပြု ရေးသားလိုက်ရပါကြောင်း။
ဗိုလ်သူရိန်