မကွေး ရေနံတွင်းများတွင် ကုမ္ပဏီတခု ရေနံစိမ်း ဈေးနှိမ်ဝယ်ယူနေ
DVB
·
April 20, 2012
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်က လက်တူးရေနံတွင်းကနေ ရေနံစိမ်းတွေ ဝယ်ယူခွင့်ရထားတဲ့ ကုမ္ပဏီတခုက ရေနံတွင်းတူးသမားတွေဆီကနေ ပေါက်ဈေးအတိုင်းမပေးဘဲ ရေနံစိမ်းတွေ ဈေးနှိမ်ဝယ်ယူနေပါတယ်။
မြိုင်မြို့နယ် ကျောက်ခွက် ရေနံမှော်ကနေ လက်တူးရေနံစိမ်းတွေကို ချမ်းမြေ့သာအောင် ကုမ္ပဏီကနေ ရေနံစိမ်း ၁ စည်ကို ပြင်ပပေါက်ဈေးထက် ၁ သောင်းခွဲ ဈေးနိမ့်ဝယ်လို့ လက်တူးရေနံတွင်းသမားတွေ တွက်ခြေမကိုက်ဘဲ အခက်တွေ့နေရတယ်လို့ လက်တူးသမားတဦးက ပြောပါတယ်။
“ဒီမှာက လောလောဆယ် ဆီဈေးကလည်း တော်တော်လေး နှိမ်ထားတယ်လေ၊ နောက်တခါ ဆီကျတော့လည်း အကြွေးဝယ်တာပေါ့။ အကြွေးဝယ်တော့ ကျနော်တို့ ကျင်းသူကျင်းသားတွေမှာ ငွေကြေးပိုင်းကျတော့ တော်တော်လေး အခက်အခဲ ရှိတာပေါ့။ အဲဒါနဲ့ အခု ဒေသဖွံ့ဖြိုးရေး အပိုင်းတွေကျတော့လည်း အခုအချိန်ထိ သိပ်လုပ်ပေးထားတာ ဘာမှ မရှိဘူးလေ။”
မကွေးတိုင်းဒေသကြီးမှာ အခြေစိုက်တဲ့ ချမ်းမြေ့သာအောင် ကုမ္ပဏီဟာ ကျောက်ခွက် ရေနံမှော်က ထွက်သမျှ ရေနံစိမ်းတွေကို ဝယ်ယူခွင့်ရထားပြီးတော့ ရေနံတူးသမားတွေက တခြားမှာ သွားရောင်းခွင့်မရှိဘဲ ရောင်းရင် အရေးယူခံရမယ်လို့ ဆိုပါတယ်။
ရေနံစိမ်း ၁ စည် ပြင်ပပေါက်ဈေးမှာ ၉ သောင်းပေးဝယ်နေပါတယ်။ လက်တူးရေနံတွင်းသမားတွေဟာ ချမ်းမြေ့သာ အောင်ကုမ္ပဏီကို ရေနံစိမ်း ဈေးကို ၁ စည် ကျပ်ငွေ ၇ သောင်းခွဲကနေ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ် ကုမ္ပဏီဘက်ကနေ ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ အဆိုပါ လက်တူးသမားက ခုလို ပြောပါတယ်။
“အဲဒီလို တောင်းဆိုတော့လည်း သူတို့က ဒီကျင်းတွေကို ပိတ်ပစ်လိုက်ရမလား၊ သိမ်းပစ်လိုက်ရမလား၊ ဘူဒိုဇာနဲ့ ထိုးပစ်လိုက်ရမလားဆိုတော့ ကျနော်တို့မှာလည်း တော်တော်လေး အခက်ကျတာပေါ့နော်။”
ပခုက္ကူခရိုင် မြိုင်မြို့နယ်ထဲက ကျောက်ခွက် ရေနံမှော်မှာ လက်တူး ရေနံတွင်းပေါင်း ၄ ထောင်လောက် ရှိနေပါတယ်။