နောက်တွဲပါ ကုန်ကားများကြောင့် ရိုးရိုးကုန်ကားများ အခက်ကြုံ
အေးနိုင်
·
April 20, 2012
နောက်တွဲယာဉ် တပ်ဆင်အသုံးပြုတဲ့ ကုန်ကားတွေကို ရိုးရိုးကုန်ကားတွေက ဈေးနှုန်း မယှဉ်နိုင်ဖြစ်ပြီး ကုန်အရနည်းနေတာကြောင့် သက်ဆိုင်ရာကို စာတင်ဖို့ ပြင်ဆင်နေကြပါတယ်။
အာဆီယံ စံချိန်စံညွန်းနဲ့အညီဖြစ်အောင် တန်ပိုယာဉ်စီမံချက် စတင်ကတည်းက ကားပိုင်ရှင်တိုင်းလိုလို နောက်တွဲတပ်ဆင်ဖို့ ကြိုးပမ်းနေကြတာလို့ ကုန်ကားသမားတွေက ပြောပါတယ်။
နောက်တွဲဟာ ဥပဒေအရဆိုရင် မဖြတ်မတောက်နိုင်တဲ့ပစ္စည်းတွေ၊ ကွန်တိန်နာတွေ တင်ဖို့ဖြစ်ပေမယ့် လက်တွေ့မှာ ကုန်ပစ္စည်းအမယ်စုံကို တင်နေကြတဲ့အတွက် သယ်ပို့ခဈေးမြင့်လို့ မယှဉ်နိုင်ဘဲ အခက်အခဲ ကြုံကြရတာလို့ ခြောက်ဘီး ကုန်ကားသမားတဦးက ပြောပါတယ်။
“နောက်တွဲကြီးတွေက သူတို့ရဲ့ ဥပဒေအရ ကွန်တိန်နာတွေတင်ဖို့နဲ့ ဖြတ်လို့ တောက်လို့မရတဲ့ စက်ပစ္စည်းတင်ဖို့ဆိုပြီး ထားတာ။ အဲဒါကို အကုန်လုံး တင်စားနေကြတော့ ကျနော်တို့ ၆ ဘီးတို့၊ ၁၀ ဘီးတို့၊ ၁၂ ဘီးတို့က တော်တော် အထိနာနေတယ်။ ၅၅ တန်ရတော့ သူက ကျနော်တို့ထက် ပိုပြီး တင်နိုင်တယ်လေ။ တွဲတတွဲရဲ့ အလေးချိန်က ၁၅ တန်ထက် မရှိရဘူး၊ ဒီကောင်တွေက တန် ၄၀ တင်လို့ရတယ်။ ကျနော်တို့ ၁၂ ဘီး တစီးက တင်ခွင့်ပြုထားတာ ၂၅ တန်။ ကားက ၁၂ တန် နှုတ်လိုက်ရင် ၁၃ တန်ပဲ တင်လို့ရတယ်။ ကုန်တပိဿာကို သူက ၃၀ လောက်နဲ့ တင်မယ်ဆိုရင် ကျနော်တို့က ၄၀-၅၀ မှ တင်နိုင်တော့တယ်လေ။ ပုံမှန် ထရပ်ကားတွေက လုံးဝ သူတို့နဲ့ ပြိုင်ပြီး မပြေးနိုင်တော့ဘူး။”
လတ်တလောမှာ ကုန်ကားသမားအများစုက နောက်တွဲတွေ တပ်ဆင်သုံးစွဲနိုင်အောင် ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။ နောက်တွဲတခုရဲ့ ကာလပေါက်ဈေးဟာ သိန်း ၁၅၀ နီးပါးရှိပြီး တချို့က ပြည်တွင်းဖြစ်လုပ်ကြသလို တရုတ်ဘက်ကလာတဲ့ ကုန်တွဲတွေလည်းရှိတယ်လို့ ဆိုပါတယ်။ နောက်တွဲယာဉ်ဟာ ပေ ၄၀ လောက် အရှည်ရှိတာကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အထူးဂရုတစိုက်ရှိဖို့ လိုနေပါတယ်။
တန်ပိုယာဉ်စီမံချက်ကို စတင်တဲ့ လွန်ခဲ့တဲ့ နှစ်ပိုင်းကစပြီး ကားတွေကို ကုန်ပိုမို တင်နိုင်အောင် ကားဘော်ဒီတွေ ဖြတ်ထုတ်တာတွေရှိသလို နောက်တွဲယာဉ် သုံးစွဲမှု တဖြည်းဖြည်း တွယ်ကျယ်လာတာဖြစ်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းနဲ့တံတားဂိတ်တွေမှာ ငွေအပိုကောက်ခံတဲ့ လေလံသမားနှစ်ဦးကို အရေးယူဆောင်ရွက်ခဲ့ပြီး သတင်းစာကနေ ကြေညာခဲ့ပြီးတဲ့နောက် လမ်းတံတားဂိတ်တွေမှာလည်း ငွေအပိုကောက်ခံမှု မရှိတော့ဘူးလို့ ကုန်တင်ကားသမားတွေက ပြောပါတယ်။
ဒီလဆန်းကစလို့ လောင်စာဆီတင်သွင်းမှုအပေါ် သွင်းကုန်ခွန် လျှော့ပေးတဲ့အစီအစဉ် အသက်ဝင်နေပေမယ့် ဒီဇယ်ဆီဈေးကတော့ တဂါလန်ကို ကျပ် ၄၃၀၀ ကနေ မကျသေးဘဲဖြစ်နေပါတယ်။