တောင်ကြီးမြို့တွင် ATM စက်များထဲမှ ငွေကျပ် သိန်း ၅၇၀ ကျော် ခိုးယူသူကို ဖမ်းဆီး
DVB
·
December 16, 2017
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဧရာဝတီဘဏ်ခွဲ စူဠာမုနိဘုရားပေါ်မှာရှိတဲ့ ATM ငွေထုတ်စက်၊ Royal Taunggyi Hotel ATMစက်နဲ့ ညောင်ရွှေမြို့ Amazing Hotel ATM စက်သုံးခုထဲက ငွေကျပ် ၅၇၀ သိန်းကျော်ခိုးယူသူကို ဒီဇင်ဘာ ၁၄ ရက်က ဖမ်းမိခဲ့ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်က ဧရာဝတီဘဏ်ရန်ကုန်ရုံးချုပ်မှ Royal Taunggyi Hotel ATM Terminal 5 စက်ချို့ ယွင်းနေကြောင်း အကြောင်းကြားရာမှ ATM စက်သေတ္တာကို ဘဏ်ခွဲ ၁ သို့ ယူဆောင်စစ်ဆေးပြီးနောက် ငွေတွေပျာက် ဆုံးနေကြောင်းကို သိရှိခဲ့တာပါ။
ATM စက်ထဲငွေခိုးသူဟာ ပြီးခဲ့တဲ့မေလက အလုပ်ဖြုတ်ခံရသူ ဧရာဝတီဘဏ် ဝန်ထမ်းသောင်း ကိုသီဟနိုင်ဖြစ်ပြီး ခိုးယူထားငွေနဲ့ဝယ်ထားတဲ့ကားအပါအဝင် လက်ကျန်ငွေ သိန်း ၅၄၀ကျော် နဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က သိရပါတယ်။
ရှမ်းပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးစိုးထွန်းဝင်းက “CCTV တွေလည်း ပျောက်ဆုံးနေတဲ့အတွက် Royal Taunggyi Hotelက CCTV နဲ့ကြည့်တဲ့အခါ ခိုးယူသူက ဦးသီဟနိုင်ဆိုသူကိုသိရကြောင်းနဲ့ သူက ဧရာဝတီဘဏ်ခွဲဝန်ထမ်းဟောင်း လက်ထောက် ကြီးကြပ်ရေးမှူး ဖြစ်ပြီး စည်းကမ်းမလိုက်နာလို့ ဘဏ်ကနေ ထုတ်ပယ် ခံထားရသူဖြစ် တယ်”လို့ ပြောပါတယ်။
ATM စက်တခုထဲခိုးယူတာမဟုတ်ဘဲ တောင်ကြီးမြို့ ပေါ်နှစ်ခုနဲ့ ၂၀၁၅ ခုနှစ်တုန်းက ညောင်ရွှေမြို့ Amazing Hotel Terminal 4 ငွေခိုးယူသူလည်းဖြစ်ပြီး ATMက လျှို့ဝှက် နံပါတ်တွေ မပြောင်းသေးတဲ့အတွက် ဘဏ်ဝန်ထမ်းဟောင်းက အလွယ်တကူခိုးယူ နိုင်ခဲ့တာလို့ သိရပါတယ်။
တရားခံ သီဟနိုင်ကို တောင်ကြီးမြို့မ ရဲစခန်း က (ပ) ၁၀၃၇/ ၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၈၀နဲ့ အမှုဖွင့်အရေးယူ ထားပါတယ်။
သတင်း-ခွန်ရာဇာ၊ ဓာတ်ပုံ- ရဲတပ်ဖွဲ့