မဲရုံတွင်း ဝင်ရောက်စည်းရုံးတဲ့ ကြံ့ခိုင်ရေးအမတ်အမှု ရဲစစ်ဆေး
အေးနိုင်
·
April 20, 2012
ပဲခူးတိုင်း သနပ်ပင်မြို့နယ် မင်းရွာမဲရုံမှာ ကြားဖြတ်ရွေးကောက်ပွဲနေ့တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အမတ်တဦးက မဲရုံထဲထိ ဝင်ရောက် မဲဆွယ်တယ်လို့ တိုင်ကြားချက်ကို ရဲက လာရောက်စစ်ဆေးပါတယ်။
ဝေါမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးအောင်နိုင်က မင်းရွာမဲရုံထဲထိ ဝင်ရောက်ပြီး ကြံ့ခိုင်ရေးပါတီအမတ်ကို မဲထည့်ဖို့ စည်းရုံးတာကို တိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု အမတ်လောင်း ဦးမြင့်ဦးရဲ့ မဲရုံကိုယ်စားလှယ် ကိုဇော်လင်းဦးကို ရဲက ဧပြီ ၁၈ ရက်နေ့မှာ စစ်ဆေးခဲ့တာပါ။
ကိုဇော်လင်းဦးက “မင်းရွာ ရဲအရာရှိက လာပြီးတော့ စစ်ဆေးသွားတာပေါ့။ အခင်းဖြစ်တဲ့နေရာတွေ ဓာတ်ပုံတွေ ဘာတွေရိုက်ပြီးတော့။ အဲဒီနေ့က မဲရုံကိုယ်စားလှယ် ကျနော်ရယ်၊ ကိုဆန်းဦးရယ်၊ အောင်နိုင်ရေးအဖွဲ့က ကိုငွေထွန်း အဲဒီ ၃ ယောက်စလုံးကို လာစစ်ဆေးပါတယ်။ ဒီက မဲရုံကော်မရှင် ဥက္ကဋ္ဌတွေရော၊ ကျေးရွာကော်မရှင် ဥက္ကဋ္ဌရော၊ လုံခြုံရေး ကိုခင်ဦးကိုပါ အကုန်လုံး စစ်ဆေးသွားပါတယ်။”
ရွေးကောက်ပွဲနေ့မှာ ဦးအောင်နိုင် မဲရုံတွင်း ဝင်ရောက်မဲဆွယ်ခဲ့ပုံကိုလည်း ကိုဇော်လင်းဦးက ခုလို ပြောပါတယ်။
“အဲဒီ မဲပေးတဲ့နေ့က သူက ကျနော်တို့ မဲရုံအတွင်းထဲကို ဝင်လာပြီးတော့ မဲရုံအတွင်းထဲမှာ သူက တွေ့တဲ့လူကို လက်စွဲနှုတ်ဆက်ပြီးတော့ ကျနော် ဝေါမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် တယောက်ပါ ဘာညာနဲ့ ပြောနေတယ်။ ပြောနေတော့ ဥပဒေအရ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်၊ အစ်ကို မသိဘူးလားဆိုတော့... ငါ အမတ် တယောက်တဲ့၊ မင်းတို့ ငါ့ကို ဘာလုပ်မလဲတဲ့၊ မင်းတို့ ကြိုက်တဲ့ ဥပဒေနဲ့ တရားစွဲတဲ့။ အဲဒါဆိုရင် ကျနော်တို့က ဥပဒေအရ အစ်ကို ကို ကျနော်တို့ ဆက်လုပ်ပါ့မယ်လို့၊ အဲဒီအတိုင်းပြောပြီး ကျနော်တို့ တာဝန်ရှိတဲ့ လုံခြုံရေးအဖွဲ့ကို ကျနော်တို့က ပြောပြီးတော့ သူ့ကို အပြင်ထုတ်ခိုင်းလိုက်တယ်။”
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတုန်းက သနပ်ပင်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးမြင့်ဦးက ယှဉ်ပြိုင်အနိုင်ရခဲ့ပါတယ်။