ကြားဖြတ်ရွေးကောက်ပွဲ မျှတမှုမရှိဟု ပါတီ ၃ ခုဝေဖန်
ရွှေအောင်
·
April 20, 2012

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပေမယ့် မျှတမှုမရှိဘူးလို့ ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးအုန်းလွင်က ဝေဖန်ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ စီးတီးစတားဟိုတယ်မှာ ဧပြီ ၂၀ ရက်က ပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင် ပါတီ ၃ ခုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးအုန်းလွင်က ထုတ်ဖော် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“ကြားဖြတ်ရွေးကောက်ပွဲမှာ ဥပဒေနဲ့ မညီညွတ်တဲ့ ကိစ္စတွေပေါ့ဗျာ။ လမ်းပိတ်တာတို့၊ ဘုန်းကြီးတွေ အသုံးချတာတို့၊ နိုင်ငံခြားသားတွေ အသုံးချတာတို့၊ နောက်ပြီးတော့ အစိုးရကို ထိခိုက်စေတဲ့ စကားပြောတာတို့ စသည်ဖြင့် အဲဒီအချက်အလက်တွေက ဥပဒေနဲ့ မညီညွတ်ဘူး။ သို့သော် သူ့ကို သတိပေးတယ်၊ သတိပေးနေရင်းနဲ့လည်း ရွေးကောက်ပွဲကြီးက ပြီးသွားတယ်။ တကယ်ဆိုလို့ရှိရင် အဲဒါတွေက နိုင်အောင်ထိန်းဖို့လိုတယ်။ အဲဒီတော့ လွတ်လပ်တယ်၊ သို့သော် တရားမျှတမှု မရှိဘူး။”
ဘာကြောင့် တရားမျှတမှုမရှိဘူးလို့ ပြောနိုင်တာလဲဆိုတာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ကော်မရှင်က လွတ်လပ်ပြီးတရားမျှတမှုဖြစ်ဖို့က လွတ်လပ်ပေမယ့် မျှတမှု မဖြစ်ဘူး။ နောက်တခါ ကျနော်တို့အခု ရွေးကောက်ပွဲအတွေ့အကြုံအရ ဒေါ်စုတို့အနေနဲ့ ဥပဒေမဲ့ ပြုကျင့်တာတွေ၊ နောက်ပြီးတော့ တဖက်သတ်ကြီး လုပ်တာတွေ၊ နောက်ပြီးတော့ သမ္မတကြီးတို့၊ လွှတ်တော်ဥက္ကဋ္ဌတို့၊ နောက် နိုင်ငံခြားက နိုင်ငံတော် ခေါင်းဆောင်ကြီးတွေက သူ့ကို အသားပေးဖော်ပြတာ (Highlight) လုပ်ခဲ့တာတွေ၊ နောက်တခါ ဗွီဒီယိုတို့၊ တီဗွီတို့ကလည်း သူ့ကို အသားပေးပြုလုပ်တာတွေက သူ့အတွက်တော့ ရွေးကောက်ပွဲမှာ အထွတ်အထိပ် ရောက်သွားပေမယ့် ကျန်တဲ့ပါတီတွေ အနေနဲ့ကတော့ အင်မတန် အားနည်း ဆုတ်ယုတ်သွားစေတယ်ပေါ့ဗျာ။ အဲဒီလို အမူအကျင့်မျိုး ထပ်ပြီးတော့များ ၂၀၁၅ မှာ ဖြစ်ရင် ကျနော်တို့က ဘာမှ အားရစရာ မရှိတော့ဘူး အဲဒီလို ခံစားရတယ် ဆိုတာတွေ။”
သတင်းစာရှင်းလင်းပွဲမှာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက်နဲ့ အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်တို့က ပါတီခေါင်းဆောင်တွေ တက်ရောက် ရှင်းလင်းပြောကြားခဲ့ကြပြီး၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အလားတူ ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်စေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
မူလက ပါတီ ၅ ခု ပူးပေါင်း သတင်းစာရှင်းပွဲ လုပ်မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ပြည်သူ့ဒီမိုကရေစီပါတီနဲ့ ခေတ်သစ်ပြည်သူ့ပါတီတို့ကတော့ သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တက်ရောက်ခြင်း မရှိဘူးလို့သိရပါတယ်။
