ဓနုတိုင်းရင်းသား အများဆုံးနေထိုင်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ်နဲ့ ရွာငံမြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့လို့ လူအများအပြား လေဘေးဒုက္ခခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေပြင်းဟာ သင်္ကြန်မတိုင်ခင် ဧပြီ ၉ ရက်နေ့ ညနေ ၄ နာရီ လောက်ကနေ ၇ နာရီကျော် လောက်ထိ ၃ နာရီကြာ တိုက်ခတ်သွားခဲ့တဲ့အတွက် ရွာငံမြို့နယ် မြို့ကြီးကျေးရွာ အုပ်စုထဲမှာ နေအိမ်အလုံး ၆၀ ကျော် ပျက်စီးခဲ့ပါတယ်။
သိန်းတောင်၊ နန်းခုံ၊ တောင်ပို့ကွဲ၊ ပဲရင်းတောင်၊ ဝါးဟယ်၊ ငြိမ်းရွာနဲ့ ပင်းတယမြို့နယ် သစ်အယ်ပင်ရွာ၊ သိမ်ကုန်းရွာ၊ ငှက်ပျောတောရပ်တွေမှာတော့ တရွာကို အိမ်ခြေ ၂ လုံး ၃ လုံးစီ ပျက်စီးခဲ့တယ်။ ပင်းတယမြို့မှာတော့ ပြည်သူ့ဆေးရုံလည်း အနည်းငယ် ထိခိုက်မှုရှိပြီး လူအသေအပျောက် မရှိပါဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
လေဘေးသင့်ပြည်သူတွေအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က တအိမ်ကို ကျပ် ငွေ ၂ သောင်းခွဲစီ ထောက်ပံ့ကူညီပြီး ဒေသဦးစီးဌာနကတော့ တအိမ်ကို ကျပ် ၅ ထောင် ကူညီခဲ့ပြီး ပျက်စီးတဲ့ အိမ်တွေကို ဒေသခံရွာသားတွေက ဝိုင်းဝန်းကူညီ ပြင်ဆင်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။











