ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်သစ်တွေအနေနဲ့ ဧပြီ ၂၃ ရက်နေ့ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ပါဝင်တက်ရော်ဖို့ မသေချာသေးဘူးလို့ ပါတီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “၂၃ ရက်နေ့မှာ တက်ရမယ့် လွှတ်တော်အစည်းအဝေးကို အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ဖို့မသေချာသေးပါဘူး ကျနော့်အမြင်တော့ မီနိုင်လောက်တဲ့ အနေအထားမတွေ့ဘူး။ ၂၃ ရက်နေ့ကို မတက်ဖြစ်တဲ့ရာခိုင်နှုန်းက များပါတယ်” လို့ဒီနေ့ ပါတီဌာနချုပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မနေ့က နေပြည်တော်မှာရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ခုံရုံးရဲ့ဖိတ်ကြားချက်အရ သွားရောက်ခဲ့တဲ့အကြောင်းနဲ့ အခြေခံဥပဒေ ဇယား (၄) ပါ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိမ်ဆိုရမယ့် ကိစ္စနဲ့ပတ်သက်ပြီး ခုံရုံးက ဥပဒေအမြင်တွေ ရှင်းပြခဲ့တယ်လို့ဆိုပါတယ်။
အခြေခံဥပဒေ ဇယား (၄) မှာပါတဲ့အတိုင်း အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ် (အင်္ဂလိပ်ဘာသာနဲ့ UP HOLD) ဆိုတာ နိုင်ငံအသီးသီးမှာ ကျင့်သုံးနေတဲ့ ကိစ္စလို့ ခုံးရုံးက အန်အယ်လ်ဒီပါတီကို ရှင်းပြခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမယ့် ဒီအချက်ကို အန်အယ်လ်ဒီပါတီကရော ဒေါ်အောင်ဆန်းစုကြည်ကပါ သဘော မတူကြောင်းနဲ့ ဒီကိစ္စပြီးပြတ် ပြေလည်အောင် သက်ဆိုင်ရာကို စာရေးပြီး ဆက်လက်ကြိုး စားသွားမယ်လို့ အန်အယ်လ်ဒီပါတီက ပြောပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်” ဆိုတဲ့ စာသားနေရာမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရမယ်” လို့ ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ပေးခဲ့တဲ့အတွက် အန်အယ်လ်ဒီပါတီက ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။
အခု လွှတ်တော်တက်ဖို့ကျမ်းကျိမ်ရမယ့်ကိစ္စမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဆိုတဲ့ စာသားကို လက်မခံနိုင်တဲ့အတွက် ခုလို လွှတ်တော်တက်ဖို့အရေး အခက်တွေ့နေတာ ဖြစ်ပါတယ်။
နိုင်ငံပိုင် မီဒီယာတွေမှာတော့ လွှတ်တော်အသီးသီးရဲ့ တတိယ ပုံမှန်အစည်းအဝေးတွေကို နေပြည်တော် လွှတ်တော်အစည်းအဝေးခန်းမတွေမှာ ဧပြီ ၂၃ ရက်နေ့ ကျင်းပမှာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော်လွှတ်တော်ရုံးကို ဧပြီ ၂၂ ရက်ထက် နောက်မကျစေဘဲ ဆက်သွယ်သတင်းပို့ကြဖို့အကြောင်းကြားထားပါတယ်။