Home
မြန်မာသတင်း
ညောင်လေးပင် စိတ်ကြွဆေးပြား ၄၀၀ ကျော် ဖမ်းဆီးရမိ
DVB
·
December 13, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ မြို့မ-၃ ရပ်ကွက်၊ နယ်သစ်ဦး စားသောက်ဆိုင်မှာ ဒီဇင်ဘာလ ၁၂ ရက် ညနေ ၆ နာရီက စားသောက်နေသူဆီက စိတ်ကြွဆေးပြား ၄၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့  မြို့မစခန်းမှူးက ပြောပါတယ်။ မြို့မ-၃ ရပ်ကွက်၊ နယ်သစ်ဦးစားသောက်ဆိုင်မှာ ပဲခူးမြို့၊ ဥဿာမြို့သစ်နေ သက်နိုင်ဌေး (ခ) လင်းလင်းဟာ နယ်သစ်ဦးဆိုင်မှာဝင်ရောက် စားသောက်နေချိန် မူးယစ်ဆေးဝါး သတင်းအရ မူးယစ်တပ်ဖွဲ့နဲ့ မြို့မရဲတပ်ဖွဲ့ ပူးပေါင်းပြီး သက်သေတွေနဲ့အတူ ဖမ်းဆီးရှာဖွေရာမှ စိတ်ကြွဆေးပြား ၄၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့တာပါ။ သက်နိုင်ဌေး ကိုင်ဆောင်ထားတဲ့ ဆေးလိပ်ဘူးခွံထဲမှာ ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၂ ပြား ၁ ထုပ်၊ ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ 88/1 စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၁ ထုပ်၊ ၁၉၃ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ဆေးပြား ၄၄၅ ပြား၊ အလေးချိန် ၄၄ ဒသမ ၅ ဂရမ်ခန့်နဲ့ အိုက်စ်လို့ ယူဆရတဲ့ အဖြူရောင်ပုံဆောင်ခဲ မက်သာအဖက်ဖီတမင်း အလေးချိန် ၀ ဒသမ ၅ ဂရမ်ခန့်ပါ ၁ ထုပ်၊ ကာလတန်ဖိုး ၂၂ သိန်း ၅ သောင်းကျပ်နဲ့အတူ HUAWEI အမျိုးအစား ဖုန်း ၁ လုံးတို့ကို ဖမ်းဆီးရမိခဲ့တာပါ။ ညောင်လေးပင်မြို့မစခန်းမှူး ဒု-ရဲမှူးဌေးဝင်းက “ပဲခူး မူးယစ်အဖွဲ့နဲ့ ကျနော်တို့ မြို့မရဲတပ်ဖွဲ့ တို့ ပူးပေါင်းဖမ်းဆီးရမိခဲ့တာပါ။ ပဲခူးကနေ လာရောင်းတဲ့အချိန်မှာ အဲဒီ စားသောက်ဆိုင်မှာ စားသောက်နေချိန် အသွင်ယူ စောင့်ဆိုင်ဖမ်းဆီးနိုင်ခဲ့တယ်။ နောက်ကွင်းဆက်အနေနဲ့ ပဲခူးက သူ့အိမ်ကို ထပ်မံရှာဖွေတဲ့ နေရာမှာ သူ့အိမ်မှာ ဆေးပြားတွေ ထပ်မိသေးတယ်။ ပဲခူးမှာ ထပ်မိတဲ့ ဆေးပြားတွေအတွက်တော့ ပဲခူးအမှတ်-၂ စခန်းမှာ အမှုထပ်ဖွင့်ထားတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ သက်နိုင်ဌေး(ခ)လင်းလင်းကို ညောင်လေးပင်မြို့ မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ - ၁၅/၁၉(က) နဲ့ အမှုဖွင့် ဖမ်းဆီးထားပါတယ်။ သတင်း - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024