Home
မြန်မာသတင်း
တမူးမြို့ Town Plan ဖျက်သိမ်းရေးအဆို တိုင်းဒေသကြီးလွှတ်တော်တွင် ရှုံးနိမ့်
DVB
·
December 11, 2017
  ပြီးခဲ့တဲ့ အစိုးရလက်ထက်က စတင်အကောင်အထည်ဖော်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့ Town Plan ဖျက်သိမ်းရေးအဆိုကို ဒီဇင်ဘာ ၁၁ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ အဆိုရှုံးနိမ့်သွားပါတယ်။ အဆိုကို တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက လွှတ်တော်ကို တင်သွင်းခဲ့ပြီး ဒီနေ့မှပြန်လည်ဆွေးနွေးခဲ့တာပါ။ "တမူးမြို့ နယ်စပ် ကုန်သွယ်ရေးဇုန်က လောလောဆယ်မှာ မဖြစ်နိုင်သေးဘူးလို့ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်ေတာ်မှာလည်း ပြန်လည်ဖြေကြားထားတယ်။ နောက်ပြီး လက်ရှိတည်ဆဲ ဥပဒေတွေ၊ အမျိုးသားမြေအသုံးချမှု မူဝါဒတွေနဲ့လည်း မကိုက်ညီဘူး။ ဒီဟာအတွက် သိမ်းထားတဲ့ မြေဧက ၆၀ ထဲမှာ ဘုန်းကြီးကျောင်း၊ ခရစ္စယာန်ကျောင်းမြေ၊ ဟိန္ဒူ ဘုရားကျောင်းတွေအပြင် တောင်သူ ၂၅ ဦးရဲ့မြေယာတွေ၊ အိမ်တွေလည်းပါနေတယ်။ အခုက အကောင်အထည်လည်းမဖော်ဘူး။ တောအတိုင်းပဲ။ သိမ်းတုန်းကလည်း မြေယာလျော်ကြေးတွေ မပေးဘူး။ လောလောဆယ်မှာ မဖြစ်သင့်တာကြောင့် အဆိုတင်တာပါ။” လို့အဆိုရှင် ဦးမြင့်နိုင်ဦးက ဒီဗွီဘီကိုပြောပါတယ်။ တမူးမြို့ Town Plan ဖျက်သိမ်းရေးအဆိုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးခဲ့ကြပါတယ်။ မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှု၊ လမ်းပန်းဝန်ကြီးအစား စည်ပင်သာယာရေးဝန်ကြီးက ဖြေကြားရာမှာ တမူးမြို့ Town Plan စီမံကိန်းကိုဖျက်သိမ်းပါက အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းနှောင့်နှေးကြန့်ကြာသွားမှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကလည်း နောက်ကျန်ရစ်ခဲ့မှာဖြစ်လို့ ရေးဆွဲထားတဲ့ စီမံကိန်းအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့ ဖြေကြားခဲ့ပါတယ်။ အဆိုနဲ့ပတ်သက်ပြီး လျှို့ဝှက်ဆန္ဒမဲပေးဆုံးဖြတ်ရာမှာ မဲပေးခွင့်ရှိသူ ၈၅ ရှိတဲ့အထဲက ထောက်ခံမဲ ၃၆ မဲ၊ ကန့်ကွက်မဲ ၄၅ မဲ၊ ကြားနေမဲ ၃ မဲနှင့် ပယ်မဲ ၁ မဲစီရရှိခဲ့ပြီး ကန့်ကွက်မဲက ပိုများခဲ့တဲ့အတွက် အဆိုရှုံးနိမ့်ခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီး ကန့်ကွက်မဲများရတာက လွှတ်တော်ကိုယ်စားလှယ်တွေ နားလည်မှု လွဲသွားတာဖြစ်ပြီး ပြည်သူကိုမျက်နှာမူသင့်တယ်လို့ ထောက်ခံဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ အဆိုရှင်ကတော့ လွှတ်တော်မှာ  နောက်တစ်ခေါက်ထပ်ပြီးကြိုးစားမယ်လို့ ဒီဗွီဘီကိုပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024