ရခိုင်ပြည်နယ်က သဘာဝဓာတ်ငွေ့တွေ တရုတ်နိုင်ငံကို တင်ပို့ရောင်းချဖို့အတွက် ပိုက်လိုင်းတွေ ဖောက်နေရာမှာ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ နမ္မတူမြစ်ရေစီးကြောင်းပြောင်းပြီး အနီးအနားတဝိုက်က ဒေသခံပိုင်မြေတွေ ထိခိုက်ဆုံးရှုံးနေရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုင်းခေါဝ် ကျေးရွာအုပ်စုထဲပါတဲ့ နမ္မတူမြစ်ကမ်း နံဘေးက လယ်ယာခြံမြေတွေပေါ်မှာ ပိုက်လိုင်းကုမ္ပဏီက မနှစ် ဒီဇင်ဘာလကစပြီး မြစ်ထဲကမြေစာတွေ လာချထားတဲ့အတွက် သီးနှံပင်ရော စိုက်ပျိုးမြေတွေပါ ပျက်စီးခဲ့တယ်လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။
“ဒါ အများကြီးကို ထိခိုက်တာပေါ့။ ဘာလို့လဲဆိုတော့ တနှစ်တခါ စိုက်တဲ့ စိုက်ပျိုးမြေ မဟုတ်ဘူးလေ။ တနှစ်ပတ်လုံး ဒီစိုက်ပျိုးမြေမှာပဲ လုပ်ကိုင်စားသောက်ရတဲ့ မြေမျိုးဖြစ်တယ်လေ။ ရတဲ့လျော်ကြေးအပေါ်မှာလည်း ရာခိုင်နှုန်းအများကြီး ဖြတ်သွားတာလည်း ရှိတယ်။ ကမ်းစပ်ကို ထိန်းပေးထားတဲ့ မြေတွေ၊ သစ်တောတွေကို သူတို့က စက်နဲ့ထိုးလိုက်တဲ့အခါကျတော့ ရေတွေကြီးတာ။ မိုးတွင်းတွေမှာဆိုရင် ကမ်းပါးပြိုတာတွေ ဖြစ်သွားနိုင်တာပဲ။ မထိခိုက်တဲ့ခြံတွေလည်း ကမ်းပါးပြိုတဲ့အထဲ ပါသွားနိုင်တယ်။”
မြေစာပင်အဖို့ခံရတဲ့မြေတွေဟာ ၄ ဧက ကျော်ရှိပြီး လယ်တော၊ ဝါးတော၊ သက်ကယ်တော၊ ငှက်ပျောခြံ၊ လိမ္မော်ခြံ၊ ပန်းခြံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
တရုတ်ကုမ္ပဏီက ဒေသခံအာဏာပိုင်တွေနဲ့အတူ မြေပိုင်ရှင် ၄ ဦးဆီ လာရောက်ပြီး ၆ လတာကို ကျပ်ငွေ ၂၄ သိန်းခွဲနဲ့ ငှားရမ်းခဲ့တဲ့ မြေတွေဖြစ်ပါတယ်။ တကယ် စီမံကိန်းအကောင်အထည်ဖော်တဲ့အခါမှာတော့ မျှော်လင့်မထားတဲ့ နှစ်တိုနှစ်ရှည်သီးပင်တွေ ပျက်စီးတဲ့အပြင် ရေရှည်မှာ ပြန်ပြီးစိုက်ပျိုးဖို့ မလွယ်ကူတော့တဲ့ အခြေအနေကို ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စီမံကိန်းရပ်တန့်ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီ အကူအညီ တောင်းခံရာမှာ အရေးမယူပေးလို့ ကျားဖြူပါတီဆီ တိုင်တန်းခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
တိုင်တန်းမှုနဲ့ ပတ်သက်ပြီး နမ္မတူမြို့နယ် နယ်မြေအမှတ် ၂ ကျားဖြူပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက “ရွာသားတွေက မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးမှူး ဦးညွန့်ဝေကို ၂၀၁၂ မတ် ၈ ရက်နေ့က စာရေးပြီး အကူအညီတောင်းလိုက်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ကွင်းဆင်း ဆောင်ရွက်ပေးခြင်း မရှိလို့ ကျမတို့ ကျားဖြူပါတီဆီကို လာပြီး အကူအညီ တောင်းတယ်။ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးကလည်း ကျမတို့ဆီကို ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ပတ်သက်ပြီး ကွင်းဆင်းပြီး အချက်အလက်တွေ လာကောက်ယူနေတဲ့ အချိန်ဆိုတော့ ဒီတိုင်စာကို ဝန်ကြီးဆီ ပေးလိုက်တယ်။”
ဝန်ကြီးဆီတိုင်ကြားတာကို မြို့နယ်မှူးသိရှိသွားပြီးတဲ့နောက် ရွာသားတွေကို မတ်လကုန်ပိုင်းမှာ ခေါ်ယူတွေ့ဆုံပြီး ဒီစီမံကိန်းကို မရပ်တဲ့အပြင် နောက်ထပ် ၆ လ လျော်ကြေးပေးပြီး ထပ်ငှားဦးမယ့်အကြောင်းပြောပြီး ၇ ရက်အတွင်း အဖြေပေးဖို့ အတင်းအကျပ်ဖိအားပေး ပြောဆိုခဲ့တဲ့အကြောင်းနဲ့ ဒီကိစ္စကို လွှတ်တော်မှာ ဆက်လက်တင်ပြ ပြောဆိုမယ်လို့ ဒေါ်နန်းခမ်းအေးက ပြောပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနဲ့ စပ်လျဉ်းပြီး နမ္မတူမြို့နယ်တခုလုံးမှာဆိုရင် လယ်ယာမြေ စုစုပေါင်း ဧက ၄၀၀ လောက် ထိပါးခဲ့ပြီး ကုမ္ပဏီက လျော်ကြေးငွေတွေ ပြန်ပေးတယ်ဆိုပေမယ့်လည်း ကြားထဲက အဖြတ်ခံရတာ၊ မျှတမှု မရှိတာတွေ အပါအဝင် မသမာမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။