တရားမဝင် ချက်အရက်ရောင်းဝယ်မှု ဆန္ဒပြခဲ့သည့် အိန္ဒိယအမျိုးသမီး ရိုက်နှက်ခံရ

1.7K
အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ တရားမဝင်ချက်အရက် ကုန်သွယ်ရောင်းချမှုကို ဆန့်ကျင် ဆန္ဒပြတဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူတဦး ရိုက်နှက်ခံခဲ့ရတယ်လို့ ဘီဘီစီသတင်းမှာ ဒီဇင်ဘာလ ၈ ရက်နေ့က ဖော်ပြထားပါတယ်။
တရားမဝင် ချက်အရက်ဆိုင်တွေကို ညဘက်ဝင်စစ်ချိန် အမျိုးသမီးနဲ့ သူမရဲ့အဖော်တွေက အရက်ဆိုင်တွေကို လိုက်လံပြသကူညီခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ အခင်းဖြစ်ပွားခဲ့တာပါ။
အမျိုးသမီးများအတွက် ဒေလီကော်မရှင်အဖွဲ့မှာ လုပ်အားပေးလုပ်သူ အမျိုးသမီးက သူမအပေါ် ရိုက်နှက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
အမျိုးသမီး ရိုက်နှက်စော်ကားခံရတာ ဟုတ်တယ်။ ဒါပေမယ့် အဝတ်မပါဘဲ ချီတက်ဆန္ဒပြခဲ့တာ မဟုတ်ဘူးလို့ ရဲတွေက ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံထဲမှာ တရားမဝင် ချက်အရက်ရောင်းသူတွေကို ဆန့်ကျင်လို့ တရွတ်တိုက်ဆွဲသွားပြီး ထမီ ဆွဲချွတ်ခံခဲ့ရတယ်လို့ အမျိုးသမီးက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
ကော်မရှင်အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တိုက်ခိုက်ရိုက်နှက်ခံရတဲ့ အမျိုးသမီးရဲ့ကိုယ့်ခန္ဓာပေါ်ကို သံချောင်းပူနဲ့ ကပ်တယ်၊ တရားမဝင် ချက်အရက်ရောင်းသူတွေက အမျိုးသမီးကို တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါသေးတယ်။
ဝေဖန်မှုတွေ လူမှုကွန်ရက်ပေါ်မှာ ကြီးထွားလာပြီး ရဲတွေကတော့ အခင်းဖြစ်ပွားမှုကို စုံစမ်းနေတယ်။ အခင်းဖြစ်ပွားမှုက အမျိုးသမီးတွေကြား ရန်ဖြစ်တာလို့ တွီတာမှာ ရေးထားပါတယ်
အမျိုးသမီးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဆဝါတီမာလီဝယ်က အခင်းဖြစ်မှုကို သာမန်ရန်ဖြစ်မှုအဖြစ် ဖော်ပြခဲ့တဲ့ ရဲတွေရဲ့ လုပ်ရပ်က ရှက်စရာပဲလို့ တွီတာပေါ်မှာ ဝေဖန်လိုက်ပြီး မြို့တော်အတွင်း ဒီအခင်းဖြစ်ပွားမှုက ထိတ်လန့်စရာနဲ့ ရှက်စရာပဲလို့ ဒေလီမြို့ရဲ့ ဝန်ကြီးချုပ်ကလည်း ပြောပါတယ်။
တရားမဝင် ချက်အရက်တွေကို သောက်သုံးလို့ နှစ်စဉ်နှစ်တိုင်း အိန္ဒိယလူမျိုး အတော်များများ သေဆုံးတယ်လို့ သိရပါတယ်။