ပြန်ပို့ခံ မြန်မာအလုပ်သမား ၂ ဦး အပူရှိန်လွန်၍ သေဆုံး
နန်းမြနဒီ
·
April 18, 2012
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး နယ်စပ်ပြန်ပို့ခံရတဲ့ သူတွေထဲက မြန်မာအလုပ်သမား ၂ ဦးဟာ ကားထဲမှာ အပူရှိန်လွန်ပြီး သေဆုံးသွားတယ်လို့ မဲဆောက်ရဲစခန်းက တာဝန်ကျရဲမှူးကြီးအပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။
[caption id="attachment_24259" align="alignleft" width="251" caption="photo-manager online"][/caption]
“ဧပြီ ၁၇ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်ကနေ မောင်းနှင်လာတဲ့ ဆယ်ဘီးကားဟာ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးရှေ့မှာ ရပ်နားတုန်း အခြားအလုပ်သမားတွေ အကုန်ဆင်းသွားကြတယ်။ မဆင်းဘဲ ကျန်နေတဲ့ ၂ ယောက်ကို ကြည့်လိုက်တဲ့အခါ သေဆုံးပြီလို့ ယူဆရတဲ့အတွက် တာဝန်ကျရဲမှူးကြီး ဝရိခ်ျချုမ့်ယင်ဆီ အကြောင်းကြားခဲ့တယ်” လို့ ယာဉ်မောင်းသူက ပြောပါတယ်။
ရဲမှူးနဲ့အတူ မဲဆောက်ဆေးရုံက ဆရာဝန်နဲ့ တာ့ဆိုင်လွတ်ရပ်ကွက်က ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး စစ်ဆေးကြည့်တော့ မကြာခင်ကမှ သေဆုံးသွားကြောင်း သိရပါတယ်။
ကားပေါ်မှာ အချိန်ကြာမြင့်စွာ ကျပ်ကျပ်တည်းတည်းစီးခဲ့ရပြီး ရာသီဥတု ပူပြင်းတဲ့ဒဏ်ကို မခံနိုင်လို့ ရှော့ခ်ဖြစ်ပြီး သေဆုံးသွားတယ်လို့ ဆရာဝန်က ပြောကြောင်း၊ သေဆုံးသူ ၂ ယောက်ဟာ မောင်စိုး အသက် ၂၅ နှစ်နဲ့ မမိလာ အသက် ၃၆ နှစ်တို့ ဖြစ်ပြီး သက်ဆိုင်သူ ဆွေမျိုးတွေ လာရောက် ဆက်သွယ်ဖို့ အလောင်းကို မဲဆောက်ဆေးရုံမှာ ထားရှိကြောင်း မန်နေဂျာ အွန်လိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။