အမေရိကန်က မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှု စတင်လျှော့ပေးပြီ
DVB
·
April 18, 2012

အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေကို စတင်လျှော့ပေးတဲ့အနေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ စီမံကိန်းတွေအတွက် ငွေကြေးဆိုင်ရာ လွှဲပြောင်းခွင့်တွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
[caption id="attachment_24248" align="alignright" width="276" caption="မက်ခ်တိုနာ (အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ)"]
[/caption]
အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်ခ်တိုနာ က ဧပြီ ၁၇ ရက် နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောဆိုလိုက်တာပါ။
“ကျနော်တို့ဧပြီလ ၄ ရက်နေ့က ဆောင်ရွက်မယ့် အချက်တချို့ကို ပြောဖြစ်ပါတယ်။ အဲ့ဒီထဲမှာ သံအမတ်အကြီး အဆင့်ထားဖို့၊ USAID (အမေရိကန်နိုင်ငံ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေး အဖွဲ့) ရုံးခန်းဖွင့်ဖို့၊ UNDP (ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်) ရဲ့ ပုံမှန်လုပ်ငန်းတွေ တည်ထောင်ဖို့ တချို့အစိုးရအရာရှိတွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတာတွေ လျှော့ချဖို့ အမေရိကန်ကို ကုန်ပစ္စည်း တင်ပို့မှုတွေ ကန့်သတ်ထားတာ လျှော့ချဖို့၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ကန့်သတ်ထားတာတွေ လျော့ချဖို့တွေပါတယ်။ အခု ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်ပပိုင်ဆိုင်မှု ကြီးကြပ်ရေးဌာနက အစိုးရမဟုတ်တဲ့ အဖွဲ့တွေကို ငွေကြေးဆိုင်ရာ လွှဲပြောင်းခွင့်တွေ ကန့်သတ်ထားတာကို လျော့ချပေးလိုက်ပါပြီ။ အဲ့ဒီထဲမှာ ကျန်းမာရေး၊ ပညာရေးနဲ့ ကောင်းမွန်တဲ့ အစိုးရဖြစ်စေရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ စီးပွားရေးအရ မဟုတ်တဲ့ ဖွံ့ဖြိုးရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေပါမယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ကြးဖြတ်ရွေးကောက်ပွဲတို့ကို ကြည့်ပြီး အမေရိကန်က အကောင်းမြင် တုံ့ပြန်လိုက်တာ ဖြစ်တယ်လို့ မစ္စတာမက်ခ်တိုနာက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဧပြီလ ၄ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပခဲ့တာနဲ့ ပတ်သက်ပြီး ပြန်လည် တုံ့ပြန်မယ်လို့ ကြေညာခဲ့ပြီး နောက်ပိုင်း အခုလို ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှု တချို့ကို လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။
အခုလို လျှော့ချလိုက်မှုကြောင့် အမေရိကန်က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လာရောက် လုပ်ကိုင်နိုင်ပြီး ကူညီငွေတွေ ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရသွားပြီးတဲ့နောက် နော်ဝေနဲ့ဩစတြေးလျနိုင်ငံတွေက ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ လျှော့ပေးလိုက်ပြီး နောက်မှာ အမေရိကန်ကလည်း ခုလို လျှော့ပေါ့ပေးမှုတွေ စတင် ပြုလုပ်လိုက်တာပါ။
