ကျောက်ဖြူမြို့တွင် ဓာတ်အားခွဲရုံဆောက်မှု မြို့လူထု ကန့်ကွက်
ရွှေအောင်
·
April 18, 2012
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဘာသာရေးပွဲတော်တွေ ကျင်းပတဲ့ နဂါးကျောင်းကွင်းမှာ ဓာတ်အားခွဲရုံဆောက်မယ့် အစီအစဉ်ကို မြို့ခံတွေက ကန့်ကွက်ဖို့ ပြင်နေကြပါတယ်။
ကျောက်ဖြူမြို့ပေါ် နဂါးဘုန်းကြီးကျောင်းရှေ့မှာ တည်ရှိပြီး ပေ ၂၀၀ ကျော် ကျယ်ဝန်းတဲ့ နဂါးကျောင်းကွင်းဟာ မြို့မှာ တခုတည်းသော ကျန်ရှိနေတဲ့ ကွင်း ဖြစ်ပါတယ်။
ဘာသာရေးပွဲတော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြတဲ့ အဲဒီကွင်းမှာ အခု ဓာတ်အားခွဲရုံဆောက်ဖို့ သက်ဆိုင်ရာက ဧပြီ ၅ ရက်ကစပြီး မြေတိုင်းတာမှုတွေ ရှိတာကြောင့် မြို့လူထုက ကန့်ကွက်ဖို့ ပြင်နေတာလို့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ပြောပါတယ်။
“နဂါးကျောင်းကွင်းမှာ EPC လျှပ်စစ်အဖွဲ့က အကျယ် ပေ ၆၀ လောက်ယူမယ်ဆိုပြီး မြေတိုင်းလာတိုင်းကြတယ်။ ပြည်သူလူထုက လုံးဝ သဘောမတူဘူး။ ပြည်သူတွေ သဘောမတူနိုင်တဲ့အကြောင်းကို မြို့နယ် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီး ပြောလိုက်တယ်။ သူတို့က မြေရှားတယ်လို့ ပြောတယ်။ အမှန်က ကျောက်ဖြူမှာ မြေက မရှားဘူး။ မြေအများကြီးရှိတယ်။ အုပ်ချုပ်ရေးအရာရှိတွေက လူတွေရောင်းစားတာနဲ့ တမြို့လုံးကုန်တာ။ အန်ကယ်လ်က ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပြောရမှာပဲလေ။”
ကျောက်ဖြူမြို့မှာ ဆီဆုံပြင်ကွင်း၊ ကျောက်တိုင်းကွင်းနဲ့ နဂါးကျောင်းကွင်း စသဖြင့် အများပြည်သူအသုံးပြုတဲ့ ကွင်း ၃ ခုရှိခဲ့ပြီး ဆီဆုံပြင်ကွင်းနဲ့ ကျောက်တိုင်ကွင်း နေရာမှာ နဝတ၊ နအဖ အစိုးရ လက်ထက် အဆောက်အဦတွေ ဆောက်လုပ်ခဲ့တာကြောင့် ဒီနဂါးကျောင်းကွင်းတခုပဲ ကျန်နေတာပါ။
ကျောက်ဖြူနဲ့ အနီးအနားက မြေနေရာတွေဟာလည်း အရင် အာဏာပိုင်တွေ အဆင့်ဆင့် မြေနေရာတွေ ရယူထားကြပြီး ခုလို အများပြည်သူ အသုံးပြုတဲ့ ကွင်းနေရာတွေမှာ အစိုးရ အဆောက်အဦတွေ ဆောက်လုပ်ဖို့ သက်ဆိုင်ရာက စီစဉ် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။