Home
ဆောင်းပါး
ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ (အပိုင်း ၉)
DVB
·
December 8, 2017
(ဖက်ဆစ်ဂျပန်ခေတ်နှင့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်) (The Political Turmoil In Burma ဟူသော အမည်ဖြင့် သမိုင်းစာစုကို ဆရာဦးဟန်ထွန်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ပြီး မင်းကောင်းချစ်မှ “ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ”အမည်နဲ့ မြန်မာဘာသာပြန်ဆို ရေးသားခဲ့ပါတယ်။) (၁၉) ဖက်ဆစ်ဂျပန်ခေတ် ဂျပန်တပ်တွေ ယိုးဒယားနိုင်ငံထဲ ဝင်ခါစမှာတော့ ယိုးဒယားလူမျိုးတွေဟာ သုံးနာရီလောက် ပြန်လည်ခုခံ တိုက်ခိုက်ပြီးတဲ့နောက်မှ တိုက်နေတာကို ရပ်ခဲ့ပါတယ်။ သူတို့က ဂျပန်တပ်တွေကို သူ့တို့နယ်မြေအတွင်းက ဖြတ်သန်းလို့ ဗမာပြည်ဘက်ကို စစ်ချီခွင့်ပြုဖို့ သဘောတူခဲ့ကြတယ်။ ဂျပန်တပ်မတော်ရဲ့ မဟာဗျူဟာက အိန္ဒိယအရှေ့ပိုင်းက အင်ဖာကို ထိုးဖောက်နိုင်ဖို့ ဗမာနိုင်ငံဘက်ကနေ နောက်ပိုင်းမှာ ကူမင်တန် တရုတ်ဖြူတွေ အသုံးပြုခဲ့တဲ့ အမေရိကန်-တရုတ် ထောက်ပံ့ရေးလမ်းကြောင်း ဖြစ်တဲ့ လီဒိုလမ်းမကြီးကို ဖြတ်တောက်နိုင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့လည်း အင်ဖာတိုက်ပွဲမှာ ဗြိတိသျှတပ်တွေရဲ့ ထိုးနှက်မှုအပြင် ဆိုးရွားပြင်းထန်တဲ့ အပူပိုင်းဒေသရဲ့ ရာသီဥတုဒဏ်ကြောင့် အထိအခိုက်များပြီး အရေးနိမ့်ခဲ့တယ်။ ဖက်ဆစ်ဂျပန်ခေတ်မှာ ဗမာနိုင်ငံရဲ့ အစိတ်အပိုင်းတွေဟာ မတူ ကွဲပြားတဲ့ အုပ်ချုပ်မှုတွေအောက် ရောက်ခဲ့ရတယ်။ သံလွင်အရှေ့ခြမ်းက ကျိုင်းတုံနယ်ဟာ နိုင်ငံတကာ သံခင်းတမန်ခင်းမှာ လိမ္မာကျွမ်းကျင်ကြတဲ့ ယိုးဒယား အုပ်ချုပ်မှုအောက်ကို ရောက်နေခဲ့တယ်။ ဒါကြောင့်မို့လို့လည်း ဂျပန်တပ်တွေနဲ့ သုံးနာရီပဲ တိုက်ပြီး စစ်ပြေငြိမ်း သဘောတူညီချက် ရနိုင်ခဲ့လို့ ယိုးဒယားတွေကို အာရှရဲ့ နိုင်ငံရေးပြဒါးတိုင်လို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်တယ်။ ယိုးဒယားတွေဟာ သူတို့ လုံခြုံဖို့အတွက် ဘယ်သူနဲ့ မဟာမိတ်ဖွဲ့ရမယ် ဆိုတာ ကောင်းကောင်းသိကြတယ်။ ဗမာနိုင်ငံကို အပိုင်စီးထားတဲ့ ဗြိတိသျှတွေနဲ့ ဗီယက်နမ်ကို ထိန်းချုပ်ထားတဲ့ ပြင်သစ်တွေကြားမှာ ကြားခံနိုင်ငံအဖြစ် ရပ်နိုင်ခဲ့တယ်။ သူတို့က ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေနဲ့ မဟာမိတ်ပြုခဲ့တယ်။ ဗီယက်နမ်နဲ့ အမေရိကန် စစ်ဖြစ်တော့ အမေရိကန်တွေနဲ့ မဟာမိတ်ပြုပြန်တယ်။ ဂျပန်တပ်တွေနဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်က အောက်ဗမာပြည် အပါအဝင် နိုင်ငံအနှံ့အပြား သိမ်းပိုက်ထားပေမယ့် ကူမင်တန် တရုတ်ဖြူတွေက မြစ်ကြီးနားကို သိမ်းယူထားခဲ့တယ်။ ဒါပေမဲ့ ကူမင်တန်တွေဟာ စစ်ကိုင်းအထိတောင် ဆင်းလာပြီး တွေ့သမျှ အရပ်၊ တွေ့သမျှ လူတွေဆီက ကျောက်စိမ်းတွေ လုယက်ယူငင်မှုတွေ နေရာအနှံ့အပြား ဖြစ်ပွားခဲ့တယ်။ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ ဂျပန်တွေက ဗမာပြည်ကို ရွှေရည်စိမ် လွတ်လပ်ရေး ပေးခဲ့တယ်။ ဂျပန်ခေတ် အစိုးရကို အဓိပတိ ဒေါက်တာဘမော်က ဦးစီးပြီး ဗိုလ်ချူပ်အောင်ဆန်းက ကာကွယ်ရေးဝန်ကြီး၊ သခင်သန်းထွန်းက လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ ဦးနုက သတင်းနဲ့ပြန်ကြားရေးဝန်ကြီး၊ သခင်ဘစိန်က အလုပ်သမားနဲ့ ဆက်သွယ်ရေးဝန်ကြီး၊ သခင်ထွန်းအုပ်က သစ်တောဝန်ကြီးအဖြစ် တာဝန်ယူကြပြီး သခင်မြ၊ ဦးဘဝင်း၊ ဗန္ဓုလဦးစိန်၊ ဒေါက်တာသိန်းမောင်တို့က အစိုးရအဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြတယ်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ- BIA) နာမည်ကိုလည်း ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ-BDA) လို့ ပြောင်းပစ်ခဲ့တယ်။ တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ကို ဆုတ်ခွာပြေးခဲ့ရတဲ့ ဗြိတိသျှဘုရင်ခံ ဆြာရီဂျင်နယ် ဒေါ်မန်စမစ် ဦးဆောင်တဲ့ အဝေးရောက် စင်ပြိုင်အစိုးရတရပ်လည်း ရှိနေခဲ့တယ်။ စစ်ကြီးပြီးတော့ သူဟာ ဗမာနိုင်ငံကို ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြန်ရောက်လာခဲ့တယ်။ နာဇီဂျာမန်တွေရဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ ညှဉ်းပန်းနှိပ်စက်ရေးယန္တရားဟာ ဂတ်စတာပို ဖြစ်သလို ဖက်ဆစ်ဂျပန်တွေရဲ့ ဖိနှိပ်ညှဉ်းပန်းရေးယန္တရား နာမည်က ကင်ပေတိုင် စစ်ထောက်လှမ်းရေးအဖွဲ့ ဖြစ်တယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ အာဏာတည်မြဲရေး အထောက်အကူပြု နှိပ်စက်ညှဉ်းပန်းရေး ယန္တရားကတော့ စစ်ထောက်လှမ်းရေးအဖွဲ့ (MIS) ဖြစ်တယ်။ သူဟာ ထောက်လှမ်းရေး နည်းစနစ်တွေကို ဂျပန်ကင်ပေတိုင်ထံက လေ့ကျင့်သင်ယူခဲ့တာ ဖြစ်တယ်။ ဖက်ဆစ်ဂျပန် အုပ်စိုးတဲ့ ကာလမှာ ကင်ပေတိုင်တွေရဲ့ ပြောလို့မဆုံးနိုင်တဲ့ ရက်စက်မှု၊ လူမဆန်တဲ့ ညှဉ်းပန်းမှုတွေကို တနိုင်ငံလုံး ခံစားခဲ့ကြရတယ်။ ဆိုးဝါးလှတဲ့ ဖက်ဆစ်ဂျပန်တွေကြောင့် ပြည်သူလူထုရဲ့ နာကျင်ခံစားရမှု၊ ဆင်းရဲဒုက္ခတွေ အလွန်ကြီးမားလှတာကြောင့် လူထုက ဒီကိစ္စတွေကို ဗိုလ်ချုပ်အောင်ဆန်း သိအောင် ပြောပြဖို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံ မေတ္တာရပ်ခံခဲ့ကြတယ်။ သြဇာတိက္ကမ ကြီးမားတဲ့ ဆရာကြီးဟာ ပြည်သူတွေရဲ့ တိုင်ကြားတောင်းပန်မှုကို လက်ခံပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အခုလို ပြောဆိုအသိပေးခဲ့တယ်။ ဆရာကြီး - “ပြည်သူတွေမှာလည်း ဆင်းရဲဒုက္ခကြီးလှပြီ… မင်း ပင့်ခဲ့တဲ့ ဖက်ဆစ်ဂျပန် ကိုယ်တော်တွေ ဘယ်တော့ ပြန်မောင်းထုတ်မှာလည်းကွဲ့” ဗိုလ်ချုပ် - “ဟုတ်ကဲ့ ဆရာ … ကျနော် ပြန်မောင်းထုတ်ပစ်မှာပါ” ဆရာကြီး - “ဒါဆိုလည်း မြန်မြန်သာ မောင်းထုတ်ကွဲ့” ဗိုလ်ချုပ် - “ဟုတ်ကဲ့ ဆရာ … မကြာခင် မောင်းထုတ်ပစ်တော့မှာပါ” အဲ့ဒီနောက်တော့ ဖက်ဆစ်ဂျပန် တော်လှန်ရေးကြီး သန္ဓေတည် ပေါက်ဖွားလာခဲ့ရတယ်။ ပိုပြီး ရှင်းလင်းအောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆရာ တပည့် တရင်းတနှီး ပြောခဲ့ကြတဲ့ စကားကို ဒီလို ခံစားကြည့်နိုင်ပါတယ်။ ဆရာကြီး - “အောင်ဆန်းရေ .. မင်း ပင့်လာတဲ့ ဘုရားတွေ မင်း ပြန်မပို့သေးဘူးလား” ဗိုလ်ချုပ် - “ဟုတ် ဆရာကြီး … ကျနော် လုပ်မှာပါ” ဆရာကြီး - “အေး မြန်မြန်လုပ် … လူတွေ နာလှပြီ” ဗိုလ်ချုပ် - “ဟုတ် … ကျနော် လုပ်ပါ့မယ်” (၂၀) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်( ဖတပလ - နောင် ဖဆပလ အဖွဲ့ချုပ်) တနိုင်ငံလုံးက ဂျပန်ကို တော်လှန်မယ့် သတင်းကို လက်ခုပ်တီးပြီး ကြိုဆိုခဲ့ကြတယ်။ တကယ်တော့ ဖက်ဆစ်ဂျပန်တွေအပေါ် ခါးခါးသီးသီး မုန်းတီးနာကြည်းမှုဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့တွေတင်သာမက ဗမာတပြည်လုံးက လူတန်းစားပေါင်းစုံရဲ့ ရင်ထဲမှာ ကိန်းအောင်းဖွဲ့တည်နေခဲ့တာပါ။ မျိုးချစ်ခေါင်းဆောင် အားလုံးဟာ ဒီသတင်းကြောင့် အလွန်စိတ်လှုပ်ရှားခဲ့ကြရတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းလည်း ဂျပန်တော်လှန်ရေးအတွက် အားထား စိတ်ချယုံကြည်ရတဲ့ သူ့အဝန်းအဝိုင်း အတွင်းစည်းထဲက သူ စိတ်အချရဆုံး ပုဂ္ဂိုလ်တဦး ဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဇောရဲ့ ပဲခူးက အိမ်မှာ အစည်းအဝေး ခေါ်ယူခဲ့တယ်။ ၃ ရက် ကြာမြင့်တဲ့ အဲဒီလျှို့ဝှက်အစည်းအဝေးကို တက်ရောက်ဖို့ ဗိုလ်ချုပ်အောင်ဆန်းဟာ ပဲခူးမြို့ကို ဇနီးသည် ဒေါ်ခင်ကြည်နဲ့အတူ နို့စားနွားမတကောင် ဝယ်ယူဖို့ အကြောင်းပြပြီး အလည်ခရီး ထွက်ယောင်ပြုလို့ တက်ရောက်ခဲ့တယ်။ သခင်စိုးနဲ့ သခင်သန်းထွန်းတို့ အစည်းအဝေးကို တက်ရောက်ခဲ့ရပေမယ့် ဒေါက်တာဘမော်နဲ့ ဦးနုတို့ကတော့ လုံခြုံရေးအရ မပါဝင်ခဲ့ပါဘူး။ သူတို့ဆီကတဆင့် ဂျပန်တွေထံ သတင်းပေါက်ကြားခဲ့ရင် တော်လှန်ရေးကြီး တရပ်လုံး ချေမှုန်းခံရနိုင်ပါတယ်။ ဒီနေရာမှာ အခြားသော လုပ်ဖော်ကိုင်ဖက် တော်လှန်ရေးရဲဘော်တွေရဲ့ ဦးနုအပေါ် ထားတဲ့ သဘောထားကို မြင်နိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဥက္ကဋ္ဌ၊ သခင်သန်းထွန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လို့ တခြားအလုပ်အမှုဆောင်တွေနဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖ.တ.ပ.လ) ဟာ ဂျပန်တွေကို တော်လှန်ဖို့အတွက် အထူးလျှို့ဝှက်စွာ ဆုံးဖြတ်ချက်တွေ မြန်မြန်ဆန်ဆန် ချမှတ်လို့ သိုသိပ်စွာ လှုပ်ရှားလာခဲ့တယ်။ ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွက် တိုင်းကြီး ဆယ်တိုင်းနဲ့ ကွပ်ကဲရေး ဗဟိုဆယ်ဖွဲ့ကို ဖွဲ့စည်းပြီး အဖွဲ့တိုင်းမှာ နိုင်ငံရေးခေါင်းဆောင် တဦး၊ စစ်ရေးခေါင်းဆောင် တဦးစီ ခန့်အပ်ထားခဲ့တယ်။ ဗိုလ်ချုပ်နေဝင်းဟာ ဧရာဝတီတိုင်းရဲ့ စစ်ခေါင်းဆောင်တဦး ဖြစ်လာခဲ့တယ်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးဟာ မူလ သတ်မှတ်ထားတဲ့နေ့ထက် တပတ်စောပြီး စတင်ခဲ့တယ်။ ဂျပန် ကင်ပေတိုင်တွေဟာ မြောက်ပိုင်းတိုင်း စစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဗထူးကို မန္တလေးဘက်မှာ သံသယဖြစ်ပြီး ခြေရာခံလိုက်ခဲ့ကြတယ်။ ဒါကြောင့် သူဟာ မရှောင်နိုင်တဲ့အဆုံး ဗိုလ်ချုပ်အောင်ဆန်း ခွင့်ပြုချက်နဲ့ ဂျပန်တပ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့တယ်။ ဗိုလ်မှူးကြီးဗထူး တပ်တွေဟာ ဂျပန်တပ်တွေကို မန္တလေးအနီးအနးက ဟံမြင့်မိုရ် (ကျောက်ဆည်)တဝိုက်နဲ့ ရွာငံ-ရေဦး လမ်းကနေ ရှမ်းပြည်နယ် အောင်ပန်းဘက်ကို တိုက်ခိုက် မောင်းထုတ်ခဲ့ကြတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ ဗိုလ်မှူးကြီးဗထူးဟာ ဂျပန်တွေ တိုက်ထုတ်ရာလမ်းမှာ ငှက်ဖျားသင့်ခဲ့လို့ တိမ်းပါးခဲ့တာဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ ဆုံးရှုံမှုတရပ်ပါပဲ။ လွတ်လပ်ရေးရပြီးတော့ ရပ်စောက်မြို့ကို ဗထူးမြို့လို့ ကင်ပွန်းတပ် အမည်ပေးပြီး သူ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။ အခုချိန်မှာတော့ ဗထူးမြို့ဟာ အမေရိကန်က ဝက်စ်ပွိုင့်၊ ဗြိတိန်က ဆင်းဟတ်တို့လို ဘွဲ့ရဗိုလ်လောင်းတက္ကသိုလ် (OTS) နဲ့ စစ်ဦးစီးအရာရှိတက္ကသိုလ်တွေ တည်ရှိရာ တပ်မြို့တမြို့ ဖြစ်နေခဲ့ပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဖက်ဆစ်ဂျပန်တွေကို ရည်ညွှန်းတဲ့ “အနီးဆုံးရန်သူကို ရှာဖွေကြ ချေမှုန်းကြ” ဆိုတဲ့ သူ့ရဲ့ နာမည်ကျော် စစ်ထွက်မိန့်ခွန်းကို တော်လှန်ရေးပန်းခြံလို့ အမည်ပြောင်းထားတဲ့ နေရာမှာ မိန့်ကြားခဲ့တယ်။ အဲဒီနောက် ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ကုန်က ထွက်ခွာခဲ့ပြီး သူ့ရဲ့ဌာနချုပ်ကို သရက်-ကမ္မ အရပ်မှာ တည်ခဲ့ပြီး ဂျပန်တော်လှန်ရေးကို ကွပ်ကဲခဲ့တယ်။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းက ပထမဆုံးအနေနဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လို့ သခင်သန်းထွန်းက အထွေထွေအတွင်းရေးမှူး နေရာယူပြီး မဟာမိတ်တပ်တွေနဲ့ ပူးတွဲစစ်ဆင်ဖို့ ဆက်ဆံရေးမှူး တာဝန်ကိုပါ ယူခဲ့တာ ဖြစ်တယ်။ သူဟာ အိန္ဒိယဘက်က အင်္ဂလိပ်နဲ့ မဟာမိတ်တပ်တွေ ပို့လိုက်တဲ့ လက်နက်ရိက္ခာနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို လေကြောင်းကနေ လေထီးတွေနဲ့ ပို့လိုက်တာတွေကို ဆက်သွယ်ဆောင်ရွက်ခြင်း စတဲ့ တော်လှန်ရေး လုပ်ငန်းရပ်တွေကို စီမံကွပ်ကဲခဲ့တယ်။ မန်းဝင်းမောင် (နောင် နိုင်ငံတော်သမ္မတကြီး)၊ လေထီးဦးအုန်းမောင်၊ ဗိုလ်မှူးချစ်ကောင်း (ဗမာပြည်ကွန်မြူနစ် ပါတီဗဟိုကော်မတီဝင်)တို့ဟာ အိန္ဒိယဘက်ကနေ ဗမာနိုင်ငံထဲကို ဆင်းခဲ့ကြတဲ့ လေထီးစစ်သည်တွေထဲမှာ ထင်ရှားကြတယ်။ သခင်သိန်းဖေက နိုင်ငံကိုယ်စားပြု တော်လှန်ရေးကိုယ်စားလှယ်အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ညှိနှိုင်းလက်တွဲ ဆောင်ရွက်ဖို့ အိန္ဒိယမှာ အထိုင်ပြုခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့တပ်မတော်ရဲ့ နာမည်ကို မျိုးချစ်ဗမာ့တပ်မတော် (Patriotic Forces of Burma) လို့ အမည်ပြောင်းခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗြိတိသျှတပ်မတော်က ဗိုလ်ချုပ်စလင်းနဲ့ အရှေ့တောင်အာရှ မဟာမိတ်တပ်ရဲ့ စစ်သေနာပတိဦးစီးချုပ် ဗိုလ်ချုပ်ကြီး လော့လူးဝစ် မောင့်ဘက်တန်တို့နဲ့ အနီးကပ် ရင်းနှီးခဲ့ကြတယ်။ နောင်မှာ မောင့်ဘက်တန်က မိတ်ဆွေတဦးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်က အင်္ဂလန်မှာ ကျောင်းတက်စဉ်မှာ လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့တယ်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တနိုင်ငံလုံးက ပြည်သူလူထုတရပ်လုံးက ဗမာ့တပ်မတော်နဲ့ လက်တွဲလို့ ဒရောသောပါး ဆုတ်ခွာပြေးနေရတဲ့ ဖက်ဆစ်ဂျပန်တွေကို လိုက်လံမောင်းထုတ်ခဲ့ကြတယ်။ ဂျပန်တွေက ဦးနုနဲ့ ဒေါက်တာဘမော်ကို သံဖြူဇရပ်ထိ ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ကြတယ်။ အဲဒီနောက်တော့ အမေရိကန်တွေက လေကြောင်းကနေ အဏုမြူဗုံးနှစ်လုံးကို ဂျပန်နိုင်ငံရဲ့ နာဂါစကီမြို့နဲ့ ဟီရိုရှီးမားမြို့ကြီးတွေအပေါ် ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကြဲချခဲ့အပြီး ဒုတိယကမ္ဘာစစ်ကြီးလည်း အဆုံးသတ်သွားခဲ့ရတယ်။ အမေရိကန် အရှေ့ဖျား တပ်မတော် ရေတပ်သင်္ဘောပေါ်မှာ စစ်သေနာပတိ ဗိုလ်ချုပ်ကြီး မက်အာသာထံမှာ ဂျပန် ဧကရာဇ်ဟာ လက်နက်ချ အညံ့ခံခဲ့တယ်။ စစ်လွန်ခေတ် နိုင်ငံရေး အရှိန်အဟုန်ဟာ အလွန်လျင်မြန်စွာ ပြောင်းလဲခဲ့တယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ကုန်မြို့က နေသူရိန်ခန်းမမှာ တနိုင်ငံလုံး လုံးဝ လွတ်လပ်ရေးအတွက် ကျော်ကြားလှတဲ့ သူ့ရဲ့ နောက်ဆုံး လူထုအစည်းအဝေးပွဲကြီး ကျင်းပခဲ့တယ်။ ရန်ကုန်မှာတော့ နိုင်ငံရေးသမား ခေါင်းဆောင်တွေအားလုံး စုံညီပြန်လည်ရောက်ရှိလာခဲ့ကြတယ်။ အင်ဒိုနီးရှားမှာ ရောက်နေတဲ့ သခင်ဘစိန်၊ ယူဂန္ဓာ အပို့ခံထားရတဲ့ ဦးစောနဲ့ ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် ဒေါက်တာဘမော် အစရှိတဲ့ သက်တမ်းရင့် နိုင်ငံရေးသမားကြီးတွေက နောက်တန်းမှာ ရှိနေကြပြီး ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်သိန်းဖေ၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေ အစရှိတဲ့ ငယ်ရွယ်နုပျိုတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက ရှေ့တန်းမှာ ရှိနေခဲ့ကြတယ်။ ရှိရှိသမျှ နိုင်ငံရေးအုပ်စုအားလုံးနဲ့ ပါတီတွေဟာ ကိုယ့်စီမံကိန်း၊ ကိုယ့်တွက်ကိန်းနဲ့ ကိုယ် လှုပ်ရှားနေကြတယ်။ ဦးနုက သူ နိုင်ငံရေးကနေ အနားယူပြီး စာပဲ ရေးတော့မယ်လို့ ကြေညာခဲ့တယ်။ သူက သုံးရာသီ ဗမာပြည် ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တယ်။ ဒါဟာ ဂျပန်တော်လှန်ရေးမှာ သူ မပါဝင်နိုင်ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ လွတ်လပ်ရေးအတွက် အဓိက ရုန်းကန်လှုပ်ရှားမှု တိုက်ပွဲတွေကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကသာ ဦးဆောင်ခဲ့ကြတာပါ။ အဲဒီနောက် ၁၉၄၆ ခုနှစ်မှာ ပုလိပ်တပ်ဖွဲ့ စတဲ့ အစိုးရ ဝန်ထမ်းတွေပါ ပါဝင်လာပြီး ကြီးမားတဲ့ ဆန္ဒပြမှုတွေနဲ့ တနိုင်ငံလုံး လွတ်မြောက်ရေး တောင်းဆိုမှုဟာ ဗြိတိသျှ ကိုလိုနီအစိုးရကို တုန်လှုပ်စေခဲ့တယ်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလတုန်းက လက်နက်ကိုင် တပ်တွေအတွက် လက်ယာ-ဖရီးမင်း သဘောတူညီချက်ကို သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့မှာ ချုပ်ဆိုခဲ့တယ်။ အဲဒီသဘောတူစာချုပ်အရ ဗမာ့ကာကွယ်ရေးတပ်မတော် (Burma Defence Forces - BDF) ဟာ စစ်သည် ၅၀၀၀ နဲ့ အရာရှိ ၂၀၀ နဲ့သာ ဖွဲ့စည်းခွင့်ရခဲ့တာမို့ တနိုင်ငံလုံးက ဂျပန်တော်လှန်ရေးတပ်ဖွဲ့ဝင် အင်အားနဲ့ နှိုင်းယှဉ်လိုက်ရင် အလွန်နည်းပါးတဲ့ အရေအတွက် ဖြစ်တယ်။ ဒါကြောင့် မျိုးချစ်ဗမာ့တပ်မတော်ရဲ့ တပ်ဖွဲ့ဝင် အများစုကို ဖျက်သိမ်းပေးခဲ့ရတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူ့ရဲဘော်တပ်ဖွဲ့ (The People' Voluntier Organization - PVO) ကို တည်ထောင်ခဲ့တယ်။ အင်္ဂလိပ်လက်အောက် လွတ်မြောက်လို့ လွတ်လပ်ရေးရပြီးတဲ့နောက် တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရာမှာ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင် အများအပြားနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ ဒီနေရာမှာ နိုင်ငံရေး ကသောင်းကနင်း ဖြစ်စဉ်တွေ အမြစ်တွယ်နေတဲ့ ဗမာ့သမိုင်းကို စာဖတ်သူတွေ မြင်နိုင်ပါတယ်။ အပြိုင်အဆိုင် နိုင်ငံရေးအုပ်စု သုံးစုထဲမှာ ဂျပန်ခေတ်က အဓိပတိကြီး ဒေါက်တာဘမော်က ဆင်းရဲသားပါတီ ထောင်ပြီး အာဏာအတွက် ခြေပုန်းခုတ် လှုပ်ရှားနေသလို ဖယ်ရှားခံခဲ့ရတဲ့ အရင်နန်းရင်းဝန် ဂဠုန်ဦးစောက မျိုးချစ်ပါတီထောင်ပြီး သူ့အတွက် အာဏာပြန်ရဖို့ လုံးပန်းနေခဲ့ပါတယ်။ နောက်အုပ်စုကြီးကတော့ တနိုင်ငံလုံး လွတ်လပ်ရေးရဖို့ လုံးပန်းနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီး ဖြစ်ပါတယ်။ အဲဒီသုံးဖွဲ့ထဲမှာ ဗိုလ်ချုပ် ဦးဆောင်တဲ့ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ဟာ တပြည်လုံးက ထောက်ခံ ရပ်တည်ခဲ့တာမို့ အင်အားအကြီးမားဆုံးပါတီ ဖြစ်ပါတယ်။ ဒီအရင်တုန်းက ဗမာနိုင်ငံ သမိုင်းမှာ တနိုင်ငံလုံး အရေးအတွက် အမျိုးသားခေါင်းဆောင် အဆင့်လို့ သတ်မှတ်ခံရတဲ့ ကျန်စစ်သား၊ ဘုရင့်နောင်နဲ့ အလောင်းဘုရား ဆိုတဲ့ ခေါင်းဆောင်သုံးဦး ပေါ်ထွန်းခဲ့ဖူးပါတယ်။ ဒီအချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းကို စတုတ္ထမြောက်အမျိုးသား ခေါင်းဆောင်ကြီးအဖြစ် ပြည်သူတွေက သတ်မှတ်လာခဲ့ကြပါပြီ။ သူနဲ့ခေတ်ပြိုင် သူ့လိုပဲ တရုတ်ပြည်က မော်စီတုံး၊ ဗီယက်နမ်က ဟိုချီမင်း၊ အင်ဒိုနီးရှားက ဆူခါနို၊ ကမ္ဘောဒီးယားက သီဟာနု၊ အိန္ဒိယက နေရူးတို့ဟာလည်း အရှေ့တောင်အာရှနဲ့ တောင်အာရှရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုတိုက်ပွဲတွေကနေ နိုင်ငံ့ခေါင်းဆောင်တွေအဖြစ် ပေါ်ထွက်လာခဲ့ကြတယ်။ ဒီနေရာမှာ အရေးပါတဲ့ အဖြစ်အပျက်တခု ဖြစ်ပေါ်လာခဲ့တယ်။ ဗြိတိသျှ လေဘာပါတီ ဝန်ကြီးချုပ် ကလီမဲန့် အက်တလီက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖ.ဆ.ပ.လ အဖွဲ့ ခေါင်းဆောင်တွေကို ဗမာ့အနာဂတ်အရေး ဆွေးနွေးဖို့ လန်ဒန်မြို့ကို လာဖို့ ဖိတ်ခေါ်ခဲ့တယ်။ သခင်ဘစိန်နဲ့ ဦးစောကိုလည်း ဗြိတိသျှတွေက ဆွေးနွေးမယ့် ကိုယ်စားလှယ်အဖြစ် ထည့်သွင်းဖိတ်ခေါ်ခဲ့တယ်။ အင်္ဂလန်ကို အသွားမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ခုနှစ် ဇန်နဝါရီလထဲ နယူးဒေလီမြို့မှာ အိန္ဒိယရဲ့ လွတ်လပ်ရေးခေါင်းဆောင် ဂျဝါလာနေရူးနဲ့ တွေ့ဆုံခဲ့တယ်။ နေရူးဟာ အိန္ဒိယရဲ့ နာမည်ကျော် လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင် ဖြစ်သလို အိန္ဒိယပြည်သူ့သမ္မတနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်တာဝန်ကို ၁၉၄၇ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်ထိ ထမ်းဆောင်ခဲ့သူ ဖြစ်တယ်။ နေရူးက အဲဒီသမိုင်းဝင် တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းကို လန်ဒန်ရဲ့ ဆောင်းတွင်းအအေးဒဏ်ကို ခံနိုင်ဖို့ နာမည်ကျော် လောင်းကုတ် အနွေးထည်ကြီးကို အမှတ်တရ လက်ဆောင်ပေးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တယ်... ကျနော်တို့ လိုချင်တာ ပြီးပြည့်စုံတဲ့ တနိုင်ငံလုံး လွတ်လပ်ရေးပဲ... အစောင့်အရှောက်ခံ အုပ်ချုပ်ခွင့်ဆိုတာ စဉ်းကို မစဉ်းစားဘူး... ဆိုတာပါပဲ။ ဒီနေရာမှာ ဗိုလ်ချုပ်က “ကျနော် အကောင်းဆုံးကို မျှော်လင့်ပါတယ်၊ အဆိုးဆုံးအတွက်လည်း ပြင်ဆင်လာခဲ့တယ်” လို့ အဓိပ္ပာယ်ရတဲ့ သူ့ရဲ့ နာမည်ကျော် စကားကို လန်ဒန်မြို့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ရဲရဲဝံ့ဝံ့ ပြောကြားခဲ့တယ်။ ဘတ်တေးလ်လဲင်တာရဲ့ “ဒေါသအမျက်ခြောင်းခြောင်း (Out Rage) ဆောင်းပါးထဲမှာ ပါတာတွေတင်သာမက လူသူအများ လက်ခံသဘောတူထားတဲ့ ဗိုလ်ချုပ်နေဝင်းရဲ့ နာမည်ပျက် စိတ်နေစရိုက်ဆိုး လက္ခဏာတွေကတော့ ကောက်ကျစ်မှု၊ ကိုယ့်အကျိုးအမြတ် တွက်ချက်မှု၊ လူမဆန်မှု၊ လောင်းကစားသန်မှု၊ မိန်းမပွေမှု (တရားဝင် ယူတာ ဇနီး ၅ ယောက်)၊ သူတပါး သားမယားဖောက်ပြန်မှု၊ သစ္စာဖောက်မှု၊ အာဃာတ ကြီးမားစွာ လက်စားချေတတ်မှု၊ အာဏာငမ်းထမှုတွေအပြင် အခြားသော စရိုက်ဆိုးတွေ ရှိတယ်။ သူ့ရဲ့ စရိုက်သဘာဝကို ဖော်ပြတဲ့ အထောက်အထားအဖြစ် လင်မယား ကွာရှင်းတုန်းက သူ့ဇနီး ဒေါ်ခင်မေသန်းရဲ့ နာမည်ကျော်တဲ့ စကားက “မင်း ပါလာတာ သုံးယောက်၊ ငါ ပါလာတာ သုံးယောက်၊ မင်းနဲ့ ငါနဲ့ ရတာ သုံးယောက်” ဆိုတဲ့ စကားကို ကြည့်ရင် ခန့်မှန်းနိုင်ပါတယ်။ သူ လုပ်ခဲ့ပုံကို ကြည့်လိုက်ပါဦး။ ဗိုလ်ချုပ်နေဝင်းက ၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့မှာ ရေဒီယိုကနေ ရန်ကုန်မြို့ကို မဟာမိတ်တပ်တွေက စီးနင်းသိမ်းပိုက်ပြီးပြီလို့ ကြေညာခဲ့တယ်လေ။ သူ့ကို ဗြိတိသျှတွေကိုယ်၌က အဲ့သလို ကြေညာဖို့ မီးစိမ်းပြခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ပိုဆိုးတာက ဗိုလ်ချုပ်နေဝင်းဟာ စစ်လက်နက်တွေကို ဗြိတိသျှတပ်တွေထံ မျက်နှာလိုအားရ အကုန်ပြန်အပ်ခဲ့တာ။ ပြီးတော့ ဂျပန်တော်လှန်ရေး ကာလအတွင်းမှာ သူ့ကို တာဝန်ချပေးခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသ စစ်ရေးတာဝန်ခံအဖြစ် တာဝန်ချပေးခဲ့တာကို မသွားချင်ခဲ့ဘူး။ ဆိုရှယ်လစ်ပါတီ ထူထောင်ခဲ့သူတွေထဲက တဦးလည်းဖြစ်တဲ့ ဗိုလ်နေဝင်းလို တာဝန်ချပေးတဲ့နေရာကို မသွားခဲ့သူ နောက်ထပ် ခေါင်းဆောင်တဦးကတော့ ဗိုလ်ခင်မောင်ကလေး ဖြစ်တယ်။ သူကလည်း သူ့ကို နိုင်ငံရေးတာဝန်ခံအနေနဲ့ တာဝန် ပေးအပ်ခဲ့တဲ့ မန္တလေး စစ်ဒေသတိုင်းရဲ့ တော်လှန်ရေးဌာနချုပ်ဆီ မသွားရောက်ခဲ့ဘဲ ရန်ကုန်မှာ ဆက်နေခဲ့တယ်။ အဲဒီလို အရေးကြီးတဲ့ တာဝန်ချထားမှုနဲ့ စစ်မိန့်ကို နာခံဖို့ ပျက်ကွက်ခဲ့တဲ့ ခေါင်းဆောင် နှစ်ယောက် သတင်းဟာ တော်လှန်ရေး အင်အားစုတွေကြား ပျံ့နှံ့သွားခဲ့ပြီး တချို့ ခေါင်းဆောင်တွေက ဗိုလ်ချုပ်အောင်ဆန်းထံ အဲဒီကိစ္စကို သတင်းပို့ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အလွန်စိတ်ပျက်စွာနဲ့ ဒီလို ပြောခဲ့သတဲ့။ “ကဲ… အခုတော့ ဒီကိစ္စကို ထားလိုက်ဦး၊ တော်လှန်ရေးကြီး ပြီးမှ ဒီဇီးကွက် နှစ်ကောင်ကို ငါကိုယ်တိုင် အရေးယူမယ်” တဲ့။ အပိုင်း (၁၀) ဆက်ရန် ... မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024