Home
မြန်မာသတင်း
လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ပြဿနာကို ပိုမိုရှုပ်ထွေးစေနိုင်ဟု တရုတ်ပြော
DVB
·
December 7, 2017
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အဆိုပြု ဆုံးဖြတ်ချက်ဟာ ထွက်ပြေးသွားသူတွေ နေရပ်ပြန်ရေး အစီအစဉ်ကို ပိုမိုရှုပ်ထွေးစေနိုင်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပေကျင်းမှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေနဲ့ လူနည်းစုတွေ အရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၅ရက်က အထူးအစည်းအဝေး ခေါ်ယူဆုံးဖြတ်ခဲ့ရာမှာ တရုတ်နိုင်ငံအနေနဲ့ ကန့်ကွက်မဲပေးခဲ့တာနဲ့ ပတ်သက်တဲ့ မီဒီယာ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကန်းရွှမ်က ဖြေကြားသွားတာပါ။ “လူ့အခွင့်အရေးကောင်စီရဲ့ အထူးအစည်းအဝေးမှာ မြန်မာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဟာ တင်းမာမှုတွေ လျော့ကျသွားဖို့နဲ့ ပြဿနာဖြေရှင်းရာမှာ အထောက်အကူ ဖြစ်စေမှာ မဟုတ်ဘူး၊  ထွက်ပြေးသူတွေ နေရပ်ပြန်ပို့ဖို့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ ပြဿနာကို ပိုလို့သာ ရှုပ်ထွေးစေလိမ့်မယ်”လို့ပြောပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုတွေကသာ ပြဿနာရဲ့ တခုတည်းသော ထွက်ပေါက်ဖြစ်တယ်လို့ ယုံကြည်တယ်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိက နှစ်နိုင်ငံစလုံးကို မကြာသေးခင်က သွားရောက်ခဲ့ပြီး အဆင့် ၃ ဆင့် လုပ်ဆောင်ဖို့ အဆိုပြု ကမ်းလှမ်းခဲ့သလို နှစ်နိုင်ငံစလုံးက ဒါကို အပြုသဘော လက်ခံတယ်၊ နိုင်ငံတကာ အသိုင်းအဝန်းကလည်း ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံတယ်လို့လည်း ဆိုပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုတွေကို နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ အပြုသဘော ဆက်ကူညီဖို့နဲ့ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက်  ပြင်ပကနေ အခြေအနေတွေ ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေနဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့  ဒီဇင်ဘာ ၅ ရက်က  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ   လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး ကျင်းပပြီး မြန်မာနိုင်ငံပေါ် ပြစ်တင်ရှုတ်ချထားတဲ့ အဆိုပြုချက်မူကြမ်းကို မဲခွဲဆုံးဖြတ်လိုက်တာပါ။ ဆန္ဒမဲခွဲရာမှာ ထောက်ခံမဲ ၃၃ မဲ၊ တရုတ်နဲ့ ဖိလစ်ပိုင် အပါအဝင် နိုင်ငံ ၃ နိုင်ငံက ကန့်ကွက်မဲ ၃ မဲ၊ အစည်းအဝေး မတက်ရောက်တဲ့ ၂ နိုင်ငံအပါအဝင်  ၉ နိုင်ငံက မဲမပေးဘဲ နေခဲ့ကြပါတယ်။ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံ ရှိတဲ့အနက် ၁၄ နိုင်ငံက ထောက်ခံခြင်း မပြုခဲ့ကြလို့ အဆိုမူကြမ်းဟာ တူညီဆန္ဒနဲ့ အတည်ပြုနိုင်ခဲ့ခြင်း မရှိဘူးလို့သိရပါတယ်။ ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး ဘက်ပေါင်းစုံက ဖိအားပေးနေတဲ့ကြားမှ မဲခွဲဖို့ တောင်းဆိုပေးတာ၊ အဆိုမူကြမ်းကို ကန့်ကွက်မဲပေးတာ (သို့မဟုတ်) ကြားနေမဲပေးတာ (သို့မဟုတ်) မဲပေးမှုမှာ မပါဝင်ဘဲ မြန်မာနိုင်ငံအပေါ် နားလည်မှု ပြသခဲ့ကြတဲ့ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေကို ကျေးဇူးတင်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ တရုတ်အစိုးရဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လည်း မြန်မာနိုင်ငံဘက်က ရပ်တည်ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-FMPRC
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024