၂ နှစ်အတွင်း ကျိုက်ထီးရိုး တောင်တက်ယာဉ်များကို အသစ်များဖြင့် အစားထိုးပြေးဆွဲမည်
DVB
·
December 7, 2017
လာမယ့် ၂ နှစ်အတွင်း ကျိုက်ထီးရိုးဘုရားဖူးတွေ သက်တောင့်သက်သာဖြစ်စေရေး အတွက် လက်ရှိပြေးဆွဲနေတဲ့ တာင်တက်ယာဉ်တွေအစား ပိုမိုကောင်းမွန်တဲ့ ယာဉ်တွေနဲ့ အစားထိုးသွားမယ်လို့ မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက “လာမယ့် ၁ နှစ်၊ ၂ နှစ်အတွင်းမှာ လုပ်ဆောင်သွားဖို့ရှိပါတယ်။ လောလောဆယ်တော့ ကျိုက်ထီးရိုးဒေသကို ဘက်စုံဖွံ့ဖြိုးရေးဇုန်အနေနဲ့ ဝန်ကြီးချုပ်ဦးဆောင်ပြီး လုပ်ဆောင်နေတာ ရှိတယ်” လို့ ပြောပါတယ်။
ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်တွေအနေနဲ့ ဒေသ လိုအပ်ချက်အရ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေးမှုဌာနမှ လူစီး မော်တော်ယာဉ်အဖြစ် (ခ) လုပ်ငန်းလိုင်စင်ကို ၁၉၉၃ ခုနှစ်က စတင်ထုတ်ပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဥပဒေနဲ့အညီ လုပ်ဆောင်နေလို့ သိရပါတယ်။
ကျိုက်ထီးရိုးတောင်ပေါ်ကို မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ညွှန်ကြားမှုဦးစီးဌာနက ကြံ့ခိုင်မှု စစ်ဆေးပြီး ခွင့်ပြုထားတဲ့ ယာဉ်မှအပ တောင်တက်လမ်းမှာ မောင်းနှင်တာ မပြုဖို့ တားမြစ်ထုတ်ပြန်ထားပြီး အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ဖို့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ဖွဲ့စည်းကြပ်မတ် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
သတင်း - ဟိန်းထက်