နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု ပြုလုပ်
ပီတာအောင်
·
April 17, 2012
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ နှစ်ဆန်း ၁ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး လှုပ်ရှားမှုတခု ပြုလုပ်သွားခဲ့ပါတယ်။
[caption id="attachment_24197" align="alignleft" width="300" caption="အင်းလျားကန်ထဲ ဘေးမဲ့ငါးများ လွှတ်နေစဉ်"][/caption]
နိုင်ငံအနှံ့အပြားက အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ရည်စူးပြီး ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ အင်းလျားကန်ထဲကို ဘေးမဲ့ငါးလွှတ် ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး အကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းခဲ့ကြတာပါ။
ပြီးခဲ့တဲ့နှစ်တွေက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက အကျဉ်းထောင်တွေ အသီးသီးမှာ အကျဉ်းကျခံနေရတဲ့အတွက် ပြင်ပမှာရှိနေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက သူတို့ လွတ်မြောက်ရေးအတွက် အလားတူ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။
အခုနှစ် သင်္ကြန်နဲ့နှစ်သစ်ကူးအချိန်မှာတော့ ၈၈ မျိုးဆက်ကျောင်းသားတွေက အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေအတွက် ဆုတောင်းပေးခဲ့ကြပုံကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပြုံးချိုက ခုလို ပြောပါတယ်။
“ကျနော်တို့ ၈၈ ရုံးကနေ ငါးအရှင်လေးတွေကို အတာအိုးလေးတွေနဲ့ ထည့်ပြီးသယ်သွားတယ်။ ကန်ဘောင်ပေါ်ရောက်တော့မှ အလှည့်ကျ ဒီအတာအိုးလေးတွေကို သယ်ဆောင်သွားပြီးတော့ ငါးလေးတွေကို လွှတ်လိုက်ပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ပါစေဆိုပြီး အသီးသီး ဆုတောင်းကြပါတယ်။”
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အင်းလျားကန်ဘောင်မှာ လက်မှတ်ရေးထိုး ဆုတောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ကိုအေးအောင်၊ ကိုမြင့်အေး၊ ရဲဇော်ထိုက်တို့ အပါအဝင် လတ်တလော အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၆၀၀ ကျော် လောက် ရှိမယ်လို့ ၈၈ အဖွဲ့က ခန့်မှန်းထားပါတယ်။
ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးပြန်လွတ်ရေးဟာ တိုင်းပြည်အတွက် အရေးကြီးတယ်လို့ ကိုပြုံးချိုက ပြောပါတယ်။
“ကျန်နေတဲ့ အကျဉ်းသားတွေ လွတ်မြောက်ရေးကလည်း တိုင်းပြည်အတွက် လက်ရှိကာလမှာ အရေးကြီးတဲ့အချက် ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အပြောင်းအလဲအတွက် ဦးတည်ပြီး လုပ်ခဲ့ကိုင်ခဲ့တာ ဖြစ်တဲ့အတွက် တိုင်းပြည်က အပြောင်းအလဲကို စတင်ပြီဆိုရင် ဒီအပြောင်းအလဲကို ဦးဆောင်ပြီးတော့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဆောင်ရွက်ခဲ့တဲ့လူတွေကိုလည်း ဒီအပြောင်းအလဲရဲ့ အကျိုးတွေ သက်ရောက်ခဲ့တဲ့အတွက် အားလုံးကို ပြန်လွတ်စေချင်တယ်။ အဲဒီအတွက် ကျနော်တို့ ဆုတောင်းပွဲတွေ ပြုလုပ်ပြီးတော့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးပြန်လွတ်မြောက်လာဖို့ အဓိကထားပြီး ဒီနေ့ကို လေးလေးနက်နက် ပြုလုပ်တာဖြစ်ပါတယ်။”
ဒီနှစ် နှစ်ဆန်း ၁ ရက်နေ့မှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေက စောင့်ဆိုင်းနေကြပေမယ့် ပြန်လွတ်လာတဲ့ သတင်းတွေတော့ မကြားသိရသေးပါဘူး။