မောင်တောတွင် ကျေးရွာတာဝန်ခံ ၁ ဦး အသတ်ခံရ
DVB
·
December 7, 2017

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ အသတ်ခံရတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။
မောင်တောမြို့၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ ရှော်ဖိတ်အာမန် (၃၄-နှစ်) နေအိမ်ကို ဒီဇင်ဘာ ၅ ရက် ည ၉ နာရီခွဲက လူနှစ်ဦး(စိစစ်ဆဲ) ဝင်လာကာ သေနတ်နဲ့ ပစ်ပြီး ဓားနဲ့ ခုတ်ခဲ့ရာ ရှော်ဖိတ်အာမန်တွင် ဝမ်းဗိုက်ပေါက်ထွက်၊ လည်ဂုတ်၊ ညာလက်ဖျံ၊ ဘယ်ပခုံး ပြတ်ရှ ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိ စစ်ဆေးရာ ၇.၆၂ ကျည်ခွံ တခုနဲ့ အိမ်နံရံအတွင်းမှ ကျည်ထိပ်ဖူးတခု တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
တရားခံတွေကို ဖမ်းမမိပေးဘဲ ဒီအမှုနဲ့ပတ်သက်ပြီး မကျည်းချောင်းနယ်မြေစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၄၊ လူသတ်မှု၊ ပူးပေါင်းကြံစည်မှုနဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ARSA အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ မဖြစ်ပွားခင်ကလည်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေ အသက်ခံရမှုတွေ ရှိခဲ့ဖူးပါတယ်။
ဓာတ်ပုံ-Information Committee