ရှမ်းနှင့်ပလောင်တပ်များ တိုက်ပွဲဖြစ်၊ ရွာသားများထွက်ပြေးတိမ်းရှောင်
နန်းမြနဒီ
·
December 6, 2017
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်မှာ TNLA ပလောင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ SSPP ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်တို့ကြား မနေ့ ညက ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီဇင်ဘာ ၅ ရက် ညက နမ္မတူမြို့နယ် မိုင်းရင် ကျေးရွာအုပ်စု ၀ိန်းနန်ကျေးရွာအနီးမှာ ည ၉ နာရီမှ ဒီနေ့ မနက် ၁ နာရီလောက်ထိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး TNLA ဘက်က ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရသွားတယ်လို့ SSPP/SSA ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး SSPP/SSA ကို ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းရာမှာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စိုင်းဖုန်းဟန်က သတင်းထုတ်ပြန်ချက်မှန်ကန်ကြောင်းအတည်ပြုပြီး ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းအသေးစိပ်ကိုတော့ စိစစ်ဆဲပဲလို့ ဆိုပါတယ်။
TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်အိုက်ကျော်ကတော့ တိုက်ပွဲဖြစ်တာကို အွန်လိုင်းပေါ်မှာပဲတွေ့ရပြီး မြေပြင်အခြေအနေကို မေးမြန်းနေဆဲဖြစ်ကြောင်း၊ SSPP/SSA နဲ့ သူတို့ကြားမှာတော့ ဘာပြဿနာမှ မရှိဘဲ တခါတရံ မှားယွင်းပစ်ခတ်မှုတွေတော့ ရှိတတ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“SSPP က ကျနော်တို့နဲ့ မဟာမိတ်ဘဲလေ။ ကျနော်တို့ စပြီးဖွဲ့စည်းထူထောင်ကတည်းက ပူးတွဲ လှုပ်ရှားနေတာ ဘာပြဿနာမှမရှိပါဘူး။ အရင်တခေါက် ကျောက်မဲဘက်မှာတော့ မှားယွင်း ပစ်ခတ်မှုတကြိမ်တော့ ရှိခဲ့ဖူးတာပေါ့နော်။ ဒီကိစ္စလည်း မိုင်းရင်ဘက်က ကျနော်တို့လူတွေကို မေးထားတုန်းပါဘဲ၊ မသိရသေးပါဘူး။ ရန်သူဝင်လာရင် မှားယွင်းပစ်ခတ်မှုကတော့ အချင်းချင်း ထဲမှာလည်း ဖြစ်တတ်တယ်။”
မိုင်းရင်ဒေသကို SSPP ဘက်က ဆုတ်ခွာပေးပြီး TNLA ဘက်က သူတို့နယ်မြေလို့ ကြေညာထားတဲ့ကိစ္စမှာလည်း မမှန်ကန်ကြောင်၊ နှစ်ဖွဲ့လုံး အဲဒီဒေသမှာ ပူးတွဲ လှုပ်ရှားနေဆဲပဲလို့ မိုင်အိုက်ကျော်က ပြောပါတယ်။
မိုင်းရင်ဒေသခံတစ်ဦးကတော့ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၃ ရက် (လပြည့်နေ့က) ရွာသားတွေ မိုင်းရင်ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးကျောင်းလာတက်စဉ် TNLA စစ်သားတွေ ရောက်ရှိလာပြီး ဒါဟာ တီအန်အယ်လ်အေ ထိန်းချုပ်နယ်မြေဖြစ်တဲ့အတွက် ရွာသားတွေအားလုံး လူဦးရေနဲ့ အိမ်ထောင်စု ဇယားစာရင်းတွေ ပေးပို့ရမယ်လို့ ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။
ရွာသူကြီးကလည်း ဒီကိစ္စကို SSPP အဖွဲ့ထံတင်ပြရာမှာ SSPP မှ ကြားဝင်ညှိနှိုင်းပေး ခဲ့ကြောင်း၊ ဒီပြဿနာပြီးတဲ့နောက် မနေ့ညကတော့ ၀ိန်းနန်ရွာအနီး နမ့်ဆွန်တံတားမှာ ပစ်ခတ်သံ တွေကြားရတာလို့ ဆိုပါတယ်။
ဒီကနေ့ မနက် ၉ နာရီလောက်ကျတော့ မိုင်းရင်အုပ်စု ဟိုနားရွာနားမှာ TNLA နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲထပ်ဖြစ်သေးတယ်လို့ ရွာသားက ပြောသွားပါတယ်။
PSLF/TNLA နဲ့ SSPP/SSA တပ်ဖွဲ့တွေဟာ အစိုးရနဲ့ NCA တပြည်လုံးအပစ်ရပ်စာချုပ် ချုပ်ဆိုထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ပါတယ်။