Home
မြန်မာသတင်း
ဘက်ဂျက်ရရှိမှုအပေါ်မူတည်ပြီး မုံရွာမြို့ ရေမြောင်းစနစ်ကောင်းမွန်အောင် လုပ်ဆောင်သွားမည်
Aung Ko Latt
·
December 6, 2017
  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့တွင်းမြို့ပြင် လမ်းဘေးဝဲယာတွေမှာ ရေစီး ရေလာကောင်းမွန်စေရေးအတွက် ဘက်ဂျက်ရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်သွားမယ်လို့ ဒီနေ့ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့မှာ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ဖြေကြားခဲ့ပါတယ်။ မုံရွာမြို့ ရေရှည်တည်တံ့ သန့်ရှင်းသာယာလှပရေးအတွက် ရေမြောင်းတွေ ရေစီးရေလာ ကောင်းမွန်စေရေး တစ်ဦးချင်း၊ တစ်အိမ်ချင်း၊ တစ်ရပ်ကွက်ချင်းက လုပ်ေဆာင်နိုင်စွမ်း မရှိတာကြောင့် မြို့တွင်းမြို့ပြင်ရေမြောင်းတွေကို စနစ်တကျ အထူးစီမံချက်တွေ ရေးဆွဲ အကောင်အထည်ဖော်ပေးဖို့ အစီအစဉ်ရှိ/မရှိဆိုတာနဲ့ပတ်သက်ပြီး မုံရွာမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်က မေးမြန်းခဲ့တာပါ။ မုံရွာမြို့က ရေမြောင်းစနစ်ကောင်းမွန်မှုမရှိတာကြောင့် နှစ်စဉ်ဆိုသလို မိုးရာသီ ရောက်တိုင်း ရပ်ကွက်တွေအတွင်းရေကြီးရေလျှံမှုတွေဖြစ်ပေါ်တာ၊ ဗိုလ်ချုပ်လမ်းအပါအဝင် လမ်းမကြီးတွေမှာလည်း လမ်းပေါ်ရေလျှံရေဝပ်မှုတွေ ကြုံတွေ့နေရတာပါ။ အချို့နေရာတွေ မှာလည်း ရှိပြီးသားရေမြောင်းတွေ ကောတာ၊ အမှိုက်တွေနဲ့ပြည့်နေတာ၊ မြောင်းဆည်မှု မရှိတာတွေကြောင့် မြောင်းရေလျှံတာတွေလည်း ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးကတော့ အခုဘဏ္ဍာနှစ်မှာလည်း ရေမြောင်း၊ မြောင်းေ်ကျာ်တံတား စတာတွေကို ကျပ်သိန်းပေါင်း ထောင်ချီအကုန်အကျခံကာ လုပ်ဆောင် နေပြီး လာမယ့်ဘဏ္ဍာနှစ်မှာလည်း ပင်မရေမြောင်းတွေလုပ်ဆောင်နိုင်ဖို့ ငွေကျပ်သန်းပေါင်း ၂၆၀၀ ကျော်လျာထားဆောင်ရွက်နိုင်ဖို့ အစီအစဉ်ရေးဆွဲထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ တမြို့လုံးရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်ကော်မတီက ဝင်ငွေအပေါ် မူတည်ကာ နှစ်စဉ်ဆောင်ရွက်နေပေမယ့် နေရာများပြားကျယ်ပြန့်တဲ့အတွက် မနိုင်နင်း တာကြောင့် ဘဏ္ဍာရန်ပုံငွေရရှိတဲ့အပေါ်မူတည်ကာ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ရေစီးရေလာမကောင်းတာကြောင့် ရေမြောင်းတွေမှာ ခြင်တွေပေါက်ဖွားပြီး ခြင်ကြောင့် ဖြစ်တတ်တဲ့ရောဂါတွေ နှစ်စဉ်ဆိုသလို ကလေးငယ်တွေမှာ ကြုံတွေ့ရတာတွေရှိတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024