Homeမြန်မာသတင်း
လူ့အခွင့်ရေးကောင်စီဆုံးဖြတ်ချက် မြန်မာ့အချုပ်အခြာအာဏာကို ထိပါးဟု မြန်မာသံအမတ် တုံ့ပြန်
လူ့အခွင့်ရေးကောင်စီဆုံးဖြတ်ချက် မြန်မာ့အချုပ်အခြာအာဏာကို ထိပါးဟု မြန်မာသံအမတ် တုံ့ပြန်
DVB
·
December 6, 2017

မြန်မာနိုင်ငံအပေါ်ပြစ်တင်ရှုတ်ချထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထင်လင်းက တုံ့ပြန်ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၅ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ကျင်းပတဲ့ ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစည်းအဝေးပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
ကမ္ဘာတ၀န်း လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ဖို့ ပေါင်းစုကြိုးပမ်းမှုတွေဟာ နိုင်ငံရေး သဘောမဆောင်ရဘူး၊ ဓမ္မဓိဋ္ဌာန်ကျမျှတရမယ်၊ ဘက်မလိုက်သမာသမတ်ရှိရမယ်ဆိုတဲ့ စံနှုန်း တွေနဲ့ ဒီဆုံးဖြတ်ချက်က တဖြည်းဖြည်းဝေးကွာနေတာကို တွေ့ရတယ်လို့ မြန်မာ သံအမတ်ကြီးက ပြောပါတယ်။
“မြန်မာဟာပြဿနာရဲ့ အစိတ်အပိုင်းမဟုတ်ဘဲ ပြဿနာအဖြေရှာမှုရဲ့ အစိတ်အပိုင်း ဖြစ်ရမှာဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ မီးလောင်ရာလေပင့်လုပ်တာကို ရှောင်ရမယ်။ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရာမှာ လူမျိုး၊ဘာသာ၊ ကျားမ မရွေး တကမ္ဘာလုံးကလူ အားလုံး အတွက်ဖြစ်သင့်တယ်။ ဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ အချက်တချို့ဟာ မြန်မာပြည်ရဲ့ အချုပ်အချာ အာဏာကိုထိပါးနေသလို အမှန်တရားနဲ့လည်း ဝေးနေတယ်။ စိစစ်အတည်မပြုနိုင်တဲ့ ကိန်းဂဏန်းအချက်လက်တွေကို အသုံးပြုတာဟာ ကျင့်ဝတ်သိက္ခာမဲ့တယ်” လို့ သံအမတ်ကြီး ဦးထင်လင်းက လည်းပြောပါတယ်။
မြန်မာအစိုးရဟာ ကိုဖီအာနန် အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း အကောင် အထည်ဖော်နေပြီဖြစ်တယ်။ ကုလသမဂ္ဂရဲ့အချက်အလက်ရှာဖွေရေး အဖွဲ့စေလွှတ်ဖို့ ဆုံးဖြတ်တဲ့ ကိစ္စဟာ မြေပြင်မှာဖြစ်နေတဲ့အခြေအနေနဲ့ ကိုက်ညီမှုမရှိလို့ မြန်မာအနေနဲ့ ဒီဆုံးဖြတ်ချက်မှာ ပါဝင်ပတ်သက်မှုမရှိခဲ့သလို အခုလည်း ဒီရပ်တည်ချက်မပြောင်းလဲဘူး။ ရခိုင်ပြည်နယ်ကိစ္စ အလွန်အမင်းရှုပ်ထွေးတာမို့ မြန်မာအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပါဝင်ပတ်သက်မှုမရှိဘူး။ နိုင်ငံတကာအသိုင်းအ၀န်းက ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အခြေအနေတွေကို ပိုပြီး နားလည် သဘောပေါက်ဖို့လိုပါတယ်လို့လည်း ပြောပါတယ်။
လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာတော့ မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်ဆလင် အသိုင်းအ၀န်းကလူတွေနဲ့ အမျိုးသမီးနဲ့ ကလေးတွေ အပါအ၀င် တခြားလူနည်းစုတွေအပေါ် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အပြင်းအထန်ကန့်ကွက်ရှုတ်ချထားပါတယ်။
မြန်မာအစိုးရအနေနဲ့ မြန်မာပြည်မှာရှိတဲ့ လူအားလုံးရဲ့ လူ့အခွင့်အရေးကို အသေအချာ ကာကွယ်ဖို့ တောင်းဆိုထားပါတယ်။ လူ့အခွင့်အရေးမဟာမင်းကြီးအနေနဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့နဲ့ တခြားကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့တွေ စေလွှတ်ဖို့ကိစ္စ အပါအ၀င် အစီရင်ခံစာရေးသားပြီး လူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေညီလာခံကို တင်သွင်းဖို့လည်း ပန်ကြားထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇအစ်အယ်လ်ဟူစိန်တော့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ ပုံစံဟာ ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျနဲ့တိုက်ခိုက်မှုဖြစ်ပြီး လူသားအဖြစ်ရပ်တည်မှုကို ဆန့်ကျင်တဲ့ရာဇ၀တ်မှု (Crimes Against Humanity) ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ကန့်ကွက်မဲပေးခဲ့တဲ့ တရုတ်နိုင်ငံကတော့ ဒီဆုံးဖြတ်ချက်ဟာ အခြေအနေကို လျော့ပါး သက်သာရာရစေဖို့ အကူအညီဖြစ်စေမှာမဟုတ်ဘဲ ဆန့်ကျင်ဘက်အားဖြင့် နေရပ်စွန့်သွားသူ တွေ ပြန်နေရာချထားရေး သဘောတူညီချက် အထမြောက် အောင်မြင်အောင်ဆောင်ရွက်နေ တာကို ရှုပ်ထွေးခက်ခဲစေလိမ့်မယ်လို့ ပြောပါတယ်။
အလားတူ ဖိလစ်ပိုင်နိုင်ငံကလည်း မြန်မာပြည်အခြေအနေရဲ့ ရှုပ်ထွေးမှုတွေကို နိုင်ငံတကာအသိုင်းအ၀န်းက အသိအမှတ်ပြုရမယ်လို့ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံပေါင်း ၄၇ နိုင်ငံရှိတဲ့အနက် နိုင်ငံပေါင်း ၃၃ နိုင်ငံက အဆိုပါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ကြပြီး၊ ၃နိုင်ငံက ကန့်ကွက်ခဲ့ကာ ၉ နိုင်ငံက မဲမပေးပဲကြားနေခဲ့ကြပါတယ်။
ထောက်ခံတဲ့နိုင်ငံတွေထဲမှာ အမေရိကန်၊ ယူကေ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ဂျာမနီ၊ ကိုရီးယား၊ ဘလ်ဂျီယံ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ ဆွစ်ဇာလန်၊ ဟန်ဂေရီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ ကာတာ၊ ယူအေအီး၊ ဆော်ဒီ၊ ကာတာနဲ့ အီရတ် စတဲ့နိုင်ငံတွေပါဝင်ပါတယ်။
တရုတ်၊ဖိလစ်ပိုင်နဲ့ ဘူရန်ဒီနိုင်ငံတို့ကကန့်ကွက်မဲပေးခဲ့ကြပြီး အိန္ဒိယ၊ ဂျပန်၊ မွန်ဂိုလီးယား၊ တောင်အာဖရိက၊ ဗင်နီဇွဲလား၊ ကွန်ဂို၊ အီသီယိုးပီးယားနဲ့ အီကွေဒေါတို့က မဲမပေးပဲ နေခဲ့ကြပါတယ်။
အခုလိုရိုဟင်ဂျာအရေး အထူးအစည်းအဝေးပွဲခေါ်ယူကျင်းပဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆော်ဒီ အာရေဗျနိုင်ငံတို့က အဆိုပြုခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ယူကေအပါအ၀င် နိုင်ငံပေါင်း ၇၃ နိုင်ငံရဲ့ ထောက်ခံမှုနဲ့ ကျင်းပတာဖြစ်ပါတယ်။