Home
မြန်မာသတင်း
အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူ ၄၅ ဦး၏ မိသားစုဝင်များ နေရပ်မပြန်ရဲ
DVB
·
December 6, 2017
  ဟိန္ဒူတွေနေရပ်ကို အားလုံးပြန်သွားကြပေမယ့် ARSA အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတဲ့ ဟိန္ဒူ ၄၅ ဦးရဲ့ မိသားစုဝင်တွေကတော့ သူတို့ရဲ့နေရပ်ရင်းကို မပြန်လိုဘူးလို့ ပြောပါတယ်။ ARSA အကြမ်းဖက်မှုတွေကြောင့် နေရပ်မပြန်ရဲဘဲ ကျန်ရှိနေတဲ့ ဟိန္ဒူဘာဘာဝင်တွေကို ဒီဇင်ဘာ ၃ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ အစိုးရအစီအစဉ်နဲ့ မောင်တောကို အားလုံးအပြီး ထွက်ခွာသွားကြပါတယ်။ ဒါပေမယ့် ARSA အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတဲ့ ကျန်ရစ်မိသားစုဝင်တွေကတော့ သူတို့ရဲ့နေရပ်ရင်းကို မပြန်ချင်ကြဘူးလို့ ပြောပါတယ်။ မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာနေ မိသားစုဝင် ၄ ဦးသတ်ဖြတ်ခံရသူ အာရှီကူမာက “သေသွားတဲ့ မိသားစုဝင်တွေက သေသွားပြီ။ ကိုယ့်နေရာကိုသွားလို့ရှိရင် ကျနော်တို့ပဲ သေကြရမှာ၊ ဘဂါင်္လီတွေက ကျနော်တို့ အလောင်းဖော်တဲ့အချိန်ကတည်းက ပုန်းနေတာမြင်တယ်။ အဲ့လိုမျိုး၊ Facebook မှာလည်း တင်ထားတယ်။ အရင်ကလည်း သေသွား တာတွေရှိတယ်ဆိုတော့ ဘဂါင်္လီတွေအရုပ်မြင်တာနဲ့ ကျနော်တို့က ပြန်ပြီးတော့ ပြဿနာ တက်သွားနိုင်တယ်၊ ဒေါသတွေနဲ့ ခံနိုင်မှာမဟုတ်ဘူး။ ကျနော်တို့နဲ့သူတို့ နောက်ထပ်ပြဿနာ ထပ်ဖြစ် လို့ရှိရင် သေသွားမှာကိုတော့ကြောက်တယ်၊ ကျန်ခဲ့တဲ့မိသားစုနဲ့ လုံခြုံတဲ့နေရာမှာ ပျော်ပျော်ပါးပါးနဲ့နေချင်တယ်။ အဲ့ဒါကို အစိုးရဆီက အကူအညီတောင်းချင်တာ”လို့ ပြောပါတယ်။ ARSA အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ မိသားစုဝင်တွေ စစ်တွေမြို့မှာ အိမ်ထောင်စု ၂၁ စု၊ လူဦးရေက ၆၈ ဦး ကျန်ရှိနေကြပြီး သူတို့ကို စစ်တွေမြို့တနေရာမှာ အစိုးရအနေနဲ့ နေရာချထားပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြတာပါ။ မိသားစုဝင်တွေ သတ်ဖြတ်ခံရသူ ဒေါ်ရှာရရှောတီက “ဘဂါင်္လီအကြမ်းဖက်သမားတွေကို ကြောက်လို့ မပြန်ရဲတာ။ ကျမက ခမောင်းဆိပ်ကနေ စစ်တွေကို ကိုယ့်အသတ်ကိုယ့် ခိုလုံဖို့လာတာ။ အခုမောင်တောသွားဆိုတော့ အသတ်ခံရမှာ”လို့ ပြောပါတယ်။ မိသားစုဝင်တွေသတ်ဖြတ်ခံရသူ ဒေါ်ရှာပဏာကလည်း “ကျမအမေအဖေတွေကို သူတို့တွေက သတ်ပစ်လိုက်ကြပြီလေ။ ဘယ်လိုလုပ်ပြီး ကျမပြန်ရဲမလဲ၊ နောက်ထပ်လည်းပဲ ကျမတို့ အသတ်ခံရအုံးမယ်။ ကျမတို့ကိုဒီမှာနေရာလေးတခုခုလုပ်ပေးချင်တယ်”လို့ ပြောပါတယ်။ စစ်တွေမြို့ကျန်ရစ်ခဲ့တဲ့ ဟိန္ဒူတွေရဲ့စားဝတ်နေရးတွေကို တထောင့်တနေရာက အစိုးရအဖွဲ့အနေနဲ့ ကူညီသွားမယ်လို့ဆိုပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားမှူး ဦးတင်လတ်က “နေရပ်ပြန်တဲ့ကိစ္စနဲ့ ပတ်သက်လို့ သူတို့ကို အစိုးရအဖွဲ့က ပြန်ပါ၊ပြုပါလို့ မပြန်နဲ့လို့လည်း တွန်းအားတွေ ဖိအားတွေ မပေးပါဘူး။ သူတို့ဖြစ်စေချင်တာအရ သူတို့ဟိုမှာမနေရဲလို့ ဒီမှာပဲနေပါရစေဆိုတော့ သူတို့ အစီစဉ်နဲ့ သူတို့ရဲ့ဟိန္ဒူကော်မရှင်ရဲ့အစီစဉ် ကျောင်းတက်လမ်းက ဟိန္ဒူကျောင်းမှာ ဆက်ပြီးတော့ နေချင်ပါတယ်ဆိုတော့ ပြန်နေတာရှိပါတယ်။ ဒါပေမယ့် အစိုးရ အဖွဲ့အနေနဲ့ သူတို့ကို ပစ်ပယ်မထားပါဘူး။ သူတိုရဲ့ စားဝတ်နေရေး ကိစ္စရပ်တွေကို တထောင့်တနေရာက နေပြီးတော့ ဖြည့်ဆည်းပေးဖို့တော့ ရှိပါတယ်။ သူတို့ကလည်း ဖြည့်ဆည်းပေးဖို့ တောင်းခံထားတာ ရှိပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။ မောင်တောကို ရောက်ရှိသွားတဲ့ ဟိန္ဒူတွေကိုတော့ နေရာထိုင်ခင်းတွေကို ယာယီ အဆောင်ပေါင်း ၈၀ ဆောက်လုပ်နေပြီး မကြာခင်ပြီးစီးနေရာချထားတော့မယ်လို့ မောင်တောအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။ သြဂုတ် ၂၅ ရက်နေ့က တဖန်စတင်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဟိန္ဒူဘာသာဝင်တွေ အသတ်ခံခဲ့ရပြီး ရုပ်အလောင်း ၄၅ လောင်းကို မောင်တော-ရဲဘော်ကျကျေးရွာနဲ့ ခမောင်းဆိပ် ကျေးရွာကြားတို့မှာ တူးဖော်ရရှိခဲ့ပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024